ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင်က ၎င်းတို့ပြုလုပ်သည့် တစ်ဖတ်သတ် ရွေးကောက်ပွဲကို ဖိအားပေး ခြိမ်းခြောက်၍ ပြည်သူများ ကြောက်စိတ်ဖြင့် မဲလာပေးသော်လည်း လွတ်လပ်မျှတ သန့်ရှင်းသည်ဟု ထိုင်းနိုင်ငံ ပြန်တော့မည့် သံအမတ်ကြီးအား ခေါ်ယူကြွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မှု သက်တမ်းပြီးဆုံးသွား၍ မိခင်နိုင်ငံသို့ ပြန်တော့မည့် H.E. Mr. Mongkol Visiststump ကို ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်တွင် စစ်ခေါင်းဆောင်နှင့် ဒုစစ်ခေါင်းဆောင်တို့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
“မဲဆန္ဒရှင်တွေအနေနဲ့ ဘယ်သူ့တိုက်တွန်းချက်မှမပါဘဲ ၎င်းတို့ကိုယ်ပိုင်သဘောဆန္ဒအလျောက် မဲလာပေးသလို လွတ်လပ်ပြီး တရားမျှတတဲ့၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ခဲ့တယ်” ဟု စစ်ခေါင်းဆောင်က ထိုင်းသံအမတ်ကြီးနှင့် ဆွေးနွေးဆိုကြောင်း သိရသည်။
စစ်ခေါင်းဆောင် နှစ်ဦးသည် ထိုင်းသံအမတ်ကြီးအား သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ကျားဖြန့် (ခ) အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့ကို ဆွေးနွေးသကဲ့သို့ ရွေးကောက်ပွဲကိစ္စပါ ထည့်သွင်းပြောခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။
ထိုသို့ စစ်ခေါင်းဆောင်တို့က ပြောဆိုသော်လည်း အာဏာသိမ်း၍ NLD ပါတီအပါအဝင် အတိုက်အခံ နိုင်ငံရေးပါတီများကို ဖမ်းဆီးဖျက်သိမ်းကာ ပြုလုပ်သော တစ်ဖတ်သတ် ရွေးကောက်ပွဲ ဖြစ်သောကြောင့် ပြည်သူများက လက်မခံဆန့်ကျင်မှုများနှင့် ကြုံနေရသည်။
ထို့ကြောင့် အာဏာသိမ်း စစ်ကော်မရှင်နှင့် လက်အောက်ခံ အဖွဲ့များက နည်းမျိုးစုံ ဖိအားပေး ခြိမ်းခြောက်၍ မဲပေးခိုင်းသောကြောင့် သက်ကြီးပိုင်း၊ ဝန်ထမ်းများနှင့် ကြောက်စိတ်ဖြင့် မဲလာပေးသူ အနည်းစုသာ တွေ့မြင်ရှိခဲ့ကြောင်း ပြည်သူများ၏ ပြောပြချက်အရ သိရသည်။
ယင်းအပြင် နိုင်ငံအနှံ့ နယ်မြေအများစု စစ်ရှုံးလက်လွတ်ထားရသော စစ်ကော်မရှင်သည် လူထုလက်မခံသော တစ်ဖတ်သတ် ရွေးကောက်ပွဲအား ခုခံတော်လှန် တိုက်ပွဲများနှင့် တိုက်ခိုက်မှုအကြား ၎င်းတို့ထိန်းချုပ်ရာ မြို့ပေါ်လောက်သာ အဓိကပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအနေဖြင့်လည်း သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေးကိုသာ လိုလားပြောဆိုထားပြီး ထိုရွေးကောက်ပွဲအပေါ် အသိအမှတ်ပြုခြင်း မရှိသေးကာ ပြုလုပ်ချိန်၌လည်း ရန်ကုန်ရှိ ထိုင်းသံရုံးမှ ကိုယ်စားလှယ်တစ်ဦးသာ စောင့်ကြည့်သွားရန် စေလွှတ်ခဲ့ကြောင်း သိရသည်။
အလားတူ ကုလသမဂ္ဂ၊ EU နှင့် အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုကလည်း စစ်ကော်မရှင်၏ တစ်ဖတ်သတ် ရွေးကောက်ပွဲကို လက်မခံဘဲ ဝေဖန်အပြစ်တင်ထားသဖြင့် ထောက်ခံအားပေး ပူးပေါင်းနေသည့် နိုင်ငံတချို့၏ အကူအညီသာ ၎င်းတို့အနေဖြင့် ရရှိခဲ့သည်။