ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
နိုင်ငံတကာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံနှင့် အမှုရင်ဆိုင်နေရစဉ်အတွင်း နိုင်ငံတကာဖိအားများ ပိုမိုမလာစေရန်အတွက် စစ်ခေါင်းဆောင်က ၎င်းတို့၏ အမာခံထောက်ခံသူများဖြစ်သည့် မဘသနှင့် အမျိုးသားရေးအဖွဲ့များကို ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ယနေ့ ဇန်နဝါရီ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီက အမျိုးသားရေးအဖွဲ့များ စုဝေးခဲ့ကြသော်လည်း စစ်ကော်မရှင်၏ ကန့်သတ်ချက်ကြောင့် မူလစီစဉ်ထားသည့် ICJ နှင့် ဂမ်ဘီယာအား “ကန့်ကွက်ရှုတ်ချပွဲ” ခေါင်းစဉ်ကို အသုံးမပြုရဘဲ ICJ ရောက် မြန်မာကိုယ်စား လှယ်အဖွဲ့ကို “ထောက်ခံဂုဏ်ပြုပွဲ” ဆိုသည့် ခေါင်းစဉ်ဖြင့်သာ ပြုလုပ်ခဲ့ရသည်။

စစ်ကော်မရှင်ဘက်မှ ကန့်သတ်တားမြစ်မှုများကြောင့် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်မည့် အစီအစဥ်မှနေ၍ ထောက်ခံဂုဏ်ပြုပွဲဆိုသည့် ခေါင်းစဉ်ပြောင်းလိုက်ရသည့်အပေါ် အစွန်းရောက်အမျိုးသားရေး လှုပ်ရှား သူများနှင့် မဘသအဖွဲ့များက ကျေနပ်မှုမရှိကြောင်း သိရသည်။
စစ်ကော်မရှင်၏ တားမြစ်ချက်များကြောင့် ပေါက်ကွဲခွင့်မရသည့်အပေါ် မဘသကိုယ်တော်တစ်ပါး ဖြစ်သူ ဦးသုစိတ္တက “လက်သည်းဆိတ်ရင် လက်ထိပ်နာတယ်။ ဦးဇင်းတို့က ရင်ထဲရှိတဲ့အတိုင်း ပေါက်ကွဲ ချင်တယ်။ ဒါပေမဲ့ ဒီအချိန်က အရေးကြီးတဲ့အချိန်ဖြစ်လို့ ပေါက်ကွဲချင်တိုင်း ပေါက်ကွဲလို့မရဘူး။ အစိုးရ (စစ်ကော်မရှင်) က ညွှန်ကြားချက်တွေ ထွက်ထားတယ်” ဟု ဟောပြောပွဲတွင် မိန့်ကြားခဲ့သည်။
စစ်ကော်မရှင်သည် နိုင်ငံတကာတရားရုံးတွင် အမှုရင်ဆိုင်နေရချိန်၌ ၎င်းတို့၏ နောက်လိုက်များက လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများ ပြောဆိုခြင်းကြောင့် အခြေအနေ ပိုမိုဆိုးရွားသွားမည်ကို စိုးရိမ် လျက်ရှိသည်။

ထို့ကြောင့် စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစတင်၍ ၎င်းတို့၏ ဝါဒဖြန့်ရုပ်သံများနှင့် သတင်းစာများမှတစ်ဆင့် ICJ တရားရုံးနှင့် တရားသူကြီးများကို မဝေဖန်ရန်နှင့် အမုန်းစကားများ မပြော ဆိုရန် သတိပေးထုတ်ပြန်ခဲ့သည်။
မဘသနှင့် အမျိုးသားရေးအဖွဲ့များသည် ယနေ့ပွဲတွင် ဦးကိုကိုလှိုင် ဦးဆောင်သည့် ICJ ကိုယ်စားလှယ် အဖွဲ့ကို ထောက်ခံကြောင်း လူဦးရေ ၃၀၀ ခန့် စုဝေးကာ ဗီနိုင်းများ ကိုင်ဆောင်ဟောပြောခဲ့ ကြသော်လည်း စစ်ကော်မရှင်၏ တားမြစ်ချက်ကြောင့် အစွန်းရောက်အမျိုးသားရေးလှုပ်ရှားသူများ အကြား ကျေနပ်ခြင်းမရှိကြောင်း သိရသည်။
ပုံစာ-ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် စုဝေးနေသည့် မဘသနှင့် အမျိုးသားရေးအဖွဲ့များကို တွေ့ရစဉ်။