ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဇန်နဝါရီ ၂၇ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မန္တလေးမြို့သို့ ယတြာချေရန် ရောက်ရှိနေသည့်သတင်းများကြောင့် ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက် ၅ နာရီဝန်းကျင်တွင် Brave Warriors for Myanmarနှင့်ပူးပေါင်းတပ်ဖွဲ့မှ ရှော့တိုက်ဒုံးများဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် မန္တလေးရှိ တရားမဝင်ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲရုံများကို လာရောက် ကြည့်ရှုပြီးနောက် ယတြာချေရန် မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တွင် ခေတ္တဝင်ရောက် တည်းခိုနေကြောင်း သတင်းရရှိသည့်အတွက် သွားရောက်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း BWM ကထုတ်ပြန်ထားသည်။
“ပစ်ပြီးကတည်းက မင်းအောင်လှိုင်ပျောက်နေတယ်လို့ အတွင်းသတင်းတွေအရ စုံစမ်းသိရှိရပါတယ်။ ပစ်ခတ်ပြီး မိနစ်ပိုင်းအကြာမှ လက်နက်ငယ်များဖြင့် တပ်စွဲထားတဲ့နေရာများမှ ရမ်းသန်း ပစ်ခတ် ပါတယ်။ လပခ တိုင်းရုံးထဲကအဖွဲ့တွေရဲ့ ဖုန်းတွေကိုလည်း စစ်နေတယ်လို့ သိရပါတယ်” ဟု BWMအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်ရောက်ရှိနေကြောင်း သတင်းရသည့် လပခအတွင်းသို့ ရှော့တိုက်ဒုံး ငါး လုံးပစ်ခတ်ခဲ့ပြီး သုံးလုံးပေါက်ကွဲခဲ့ကာ တိုင်းမှူးနေအိမ်ထိမှန်မှုရှိကြောင်းလည်း BMW ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စစ်ကော်မရှင်သည် ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မင်းကွန်းတောင်ရိုးဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတစ်လျှောက် ဂျက်ဖိုက်တာများဖြင့် လှည့်ပတ်နေခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၇ ရက်၊ နံနက် ၄ နာရီ ၄၁ မိနစ်အချိန်တွင် မင်းဝတ်တန် ဆာများဝတ်ဆင်၍ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှနေ၍ ပြည်တော်ဝင် ယတြာချေမည် ဖြစ်ကြောင်း သတင်းရရှိခဲ့သည့်အတွက် ယခုကဲ့သို့ပစ်ခတ်မှုပြုလုပ်ရခြင်းဖြစ်ကြောင်း BWMထံမှ သိရသည်။
စစ်ခေါင်းဆောင်သည် ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ထိုင်းနိုင်ငံသို့ပြန်မည့် မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီးနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – ပေးပို့