ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
အမေရိကန်နိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကာ မိုင်ပေါင်း ၂,၃၀၀ ကျော် လမ်းလျှောက်ကြသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ ခရီးစဉ်သည် ယနေ့ ဇန်နဝါရီ ၂၇ ရက်တွင် ၉၄ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
တက္ကဆက်ပြည်နယ်မှ မြို့တော်ဝါရှင်တန်ဒီစီသို့ ဦးတည်လျှောက်လှမ်းနေသည့် အဆိုပါ “ငြိမ်းချမ်းရေးခရီးစဉ်” (Walk for Peace) တွင် ရဟန်းတော်များသည် လက်ရှိ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ အလွန်ပြင်းထန်သော နှင်းမုန်တိုင်းနှင့် အေးခဲသည့် ရာသီဥတုကို ကြံ့ကြံ့ခံကာ ဆက်လက်ကြွမြန်းလျက်ရှိသည်။

“ဒီရာသီဥတုမှာတောင် ဘုန်းကြီးတို့ အပြင်ထွက်လာနေကြတာက တူညီတဲ့ပန်းတိုင်ရှိလို့ပါ။ အဲဒါကတော့ ကိုယ်တိုင်အတွက်၊ နိုင်ငံအတွက်နဲ့ ဒီစကြာဝဠာကြီးတစ်ခုလုံး ငြိမ်းချမ်းရေးရဖို့ပါပဲ” ဟု အဖွဲ့ဦးဆောင်ဆရာတော် အရှင်ပညာကာရက ငြိမ်းချမ်းရေးစုဝေးပွဲတွင် မိန့်ကြားခဲ့သည်။
ယနေ့ ၉၄ ရက်မြောက်နေ့တွင် ရာသီဥတု အလွန်ဆိုးရွားနေသဖြင့် လာရောက်အားပေးသည့် ပြည်သူများနှင့် တွေ့ဆုံမည့် အစီအစဉ်များကို ခေတ္တရပ်နားထားရသော်လည်း ရဟန်းတော် ၁၉ ပါးမှာမူ ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းနေဆဲဖြစ်သည်။

ငြိမ်းချမ်းရေး ခရီးစဉ်တွင် ရဟန်းတော်များနှင့်အတူ လိုက်ပါနေသည့် ခွေးလေး “အာလောက” သည်လက်ရှိတွင် အေးခဲသည့် ရာသီဥတုနှင့် ၎င်း၏ ကျန်းမာရေးအခြေအနေကြောင့် ဘုန်းတော်ကြီးများနှင့်အတူ အချိန်ကြာမြင့်စွာ လမ်းလျှောက်လိုက်ပါနိုင်ခြင်း မရှိသော်လည်း အချိန်ပိုင်းအလိုက် လိုက်ပါလမ်းလျှောက်နေဆဲဖြစ်ကြောင်း သိရသည်။
ထိုသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသည့် ရဟန်းတော်များ၏ ခရီးစဉ်ကို အမေရိကန်တစ်ဝန်းရှိ ပြည်သူများကလည်း လေးစားကြည်ညို၍ အားပေးထောက်ခံကြပြီး ယခုကဲ့သို့ ဆိုးရွားသည့် ရာသီဥတုကို ကြုံတွေ့နေသည့်တိုင် လာရောက်နှုတ်ဆက် အားပေးမှုများ ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ – အင်တာနက်