‎‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၂၇ရက်

‎စစ်ကော်မရှင်၏ ဖိအားပေးခြိမ်းခြောက်မှုများကြောင့် ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပခဲ့သည့် ဇန်နဝါရီ ၂၅ နေ့တွင် မဲပေးရမည့် ပြည်သူအချို့ ရပ်ကွက်အတွင်းနေထိုင်ခြင်းမရှိဘဲ ခရီးထွက်ခဲ့ကြကြောင်း သိရသည်။

‎ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ သက်ကြီးပိုင်း အမျိုးသမီး တချို့သည် စစ်ကော်မရှင် လက်အောက်ခံများ၏ ဖိအားပေး မဲပေးခိုင်းသည်ကို ရှောင်လွှဲရန်အတွက် လူစု၍ ဘုရားဖူး ခရီးထွက်ကြကြောင်း မြို့နယ်နေအမျိုးသမီးများထံမှ သိရသည်။

‎”အိမ်တွေကနေ လိုက်ခေါ်ထုတ်တာတို့ လော်စပီကာနဲ့ အော်ခေါ်တာတို့လုပ်တဲ့အပြင် ဧည့်စာရင်းမပေး တာတို့ ငွေဒဏ်ကောက်မယ်တို့ မျိုးစုံ ခြိမ်းခြောက်နေတာတွေရှိတယ်လေ။ ဒါကြောင့် အမေနဲ့ အိမ်နားက အန်တီကြီးတွေ အယောက် ၃၀ လောက် ကားစုငှားပြီး ဘုရားဖူးထွက်သွားကြတယ်” ဟု လှိုင်သာယာ မြို့နယ်နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်သူတချို့သည် ‎စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကျင်းပသည့် ဟန်ပြရွေးကောက်ပွဲတွင် ပါဝင်လိုခြင်း မရှိ၍ ဖိအားများမှလွတ်ကင်းရေးအတွက် ဉာဏ်စွမ်းရှိသမျှရှောင်လွှဲရန် ကြိုးစားကြကြောင်း သိရသည်။

‎”မဲမပေးရင် စစ်မှုထမ်းရမယ်ဆိုလို့ သားတွေကတော့ မဲရုံသွားပြီး တွေ့တဲ့ခလုတ်နှိပ်လာတယ်ပြောတယ်။ အမေကြီးတို့ကတော့ ဒီ‌ရွေးကောက်ပွဲက ဟန်ပြမှန်းသိလျက်နဲ့ ကိုယ့်စနက်မပါအောင် သွားကို မထည့်ဘူး” ဟု အသက် ၆၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

‎စစ်ကော်မရှင်က ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ရက်မှစတင်ကာ အပိုင်း ၃ ပိုင်းခွဲ၍ ပြုလုပ်ခဲ့ပြီး မဲပေးမည့်ပြည်သူများကို နည်းမျိုးစုံနှင့် ခြိမ်းခြောက်၍ မဲထည့်စေခဲ့ကာ ရွေးကောက်ပွဲကို တက်သုတ် ရိုက်ပြုလုပ်ခဲ့သည်။

စစ်ကော်မရှင်က ကျင်းပသည့် ရွေးကောက်ပွဲသည် ‎စစ်ခေါင်းဆောင် စီမံထားသည့်အတိုင်း စစ်အရာ ရှိများက ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်ခဲ့ပြီး အခြားပြိုင်ဖက် ကိုယ်စားလှယ်များကို မဲအပြတ်အသတ်ဖြင့် အနိုင်ရကာ အစိုးရဖွဲ့နိုင်ပြီဖြစ်ကြောင်း ထွက်ပေါ်လာသော မဲစာရင်းရလဒ်များအရ သိရသည်။

ဓာတ်ပုံ-MOI
ပုံစာ-လှိုင်သာယာအရှေ့ပိုင်းရှိမဲရုံတစ်ခုကို တွေ့ရစဉ်