ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာမြင့်ထွေး အသက် (၇၈) နှစ် သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘာမင်ဂရက်ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သိရသည်။
ဒေါက်တာမြင့်ထွေးသည် ဇန်နဝါရီ ၂၆ ရက်၊ ထိုင်းစံတော်ချိန် ညနေ ၅ နာရီ ၄၃ မိနစ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်း၏ညီဖြစ်သူ ဦးမင်းဟန်ထွေးက လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုထားသည်။ ဒေါက်တာမြင့်ထွေးသည် ၂၀၁၆ ခုနှစ်မှ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဒေါက်တာမြင့်ထွေးသည် စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်း တွင်ပင် ရာထူးမှ နုတ်ထွက်ကြောင်းနှင့် ဝန်ကြီးဌာနဝန်ထမ်းများကို နှုတ်ဆက်သည့် စာတစ်စောင်ကို လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့ကာ စစ်အာဏာရှင်နှင့် လက်တွဲမည်မဟုတ်ကြောင်း ပြသခဲ့သူ ဖြစ်သည်။
ဒေါက်တာမြင့်ထွေး၏ နုတ်ထွက်စာတွင် “လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ ဝန်ကြီးဌာနမှ ထွက်ခွာတော့မည် ဖြစ်သည်။ မြန်မာပြည်သူများအတွက် စိတ်အားထက်သန်စွာဖြင့် တာဝန် ထမ်းဆောင် ခဲ့ကြသော ဝန်ထမ်းများအားလုံးကို နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်” ဟု တိုက်တွန်းနှုတ်ဆက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အဆိုးရွားဆုံးဖြစ်ပွားနေချိန်ဖြစ်၍ နိုင်ငံအနှံ့ ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် ဦးဆောင်ပြင်ဆင်နေစဉ် စစ်တပ်က အာဏာသိမ်းခဲ့သဖြင့် ဒေါက်တာမြင့်ထွေး၏ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။

“အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မတို့ သူနာပြုတွေအပေါ် အရမ်းကောင်းတဲ့ ဖခင် တစ်ယောက်လိုပါပဲ။ ဝန်ထမ်းတွေ၊ သူနာပြုတွေအပေါ် သိပ်ငဲ့ညှာတာ။ ကျောင်းမှာ ပြဿနာရှိရင်တောင် သူနာပြုတွေကို သမီးတို့ ဘာဖြစ်ချင်လဲ ဆိုပြီး ကိုယ်တိုင်မေးပြီး ဖြေရှင်းပေးတာ။ ဆရာကြီးက အာဏာသိမ်းတဲ့နေ့မှာပဲ အဦးဆုံး နုတ်ထွက်အနားယူသွားခဲ့တာပါ” ဟု CDM သူနာပြုဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေါက်တာမြင့်ထွေးသည် ၁၉၄၈ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ မွေးဖွားခဲ့ပြီး ရန်ကုန် ဆေးတက္ကသိုလ် (၁) မှ ဘွဲ့ရရှိခဲ့သည်။
၁၉၇၆ ခုနှစ်မှ စတင်ကာ ကျန်းမာရေးဝန်ကြီးဌာနတွင် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့ ကျန်းမာ ရေးအဖွဲ့ (WHO) ၏ အရှေ့တောင်အာရှရုံး ဒေသဆိုင်ရာ အကြံပေးအဖြစ်လည်း ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဝါရင့် ဆရာဝန်ကြီးတစ်ဦး ဖြစ်သည်။
ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်နန်းခမ်းမိုင်နှင့် သားသမီး နှစ်ဦး ကျန်ရစ်ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်