ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဇန်နဝါရီ ၂၇ ရက်

 

ချင်းပြည်နယ်၊ ဟားခါးမြို့မှ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှု လူထု သပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင်သည် ရုတ်တရက် ကွန်လွယ်သွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။

 

ဆလိုင်းငွန်ဆန်းအောင်သည် ဖခင်ဖြစ်သူ ကွယ်လွန်ပြီးကတည်းက နာမကျန်းဖြစ်၍ ဆေးခန်းတွင် ဆေးကုသမှု ခံယူနေစဥ် ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်၊ ညနေပိုင်းတွင် ရုတ်တရက် ကွယ်လွန်သွား ခြင်းဖြစ်ကြောင်း သိရသည်။

 

“မနက်ပိုင်းမှာတော့ ကလေး ချီသေးတယ်။ ဘာမှမဖြစ်သလိုပါပဲ။ ကလေးချီရင်း မူးလဲကျသွားတာ။ ဆေးခန်း ရောက်တော့လည်း လူကကောင်းသေးတယ်။ ညနေပိုင်းရောက်မှ ခေါင်းမူးတယ်။ အန်တယ်။ အဲလိုနဲ့ ရုတ်တရက် ကွယ်လွန်သွားတယ်”ဟု မီသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီးဖြစ်သူတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

 

ဆလိုင်းငွန်ဆန်းအောင်သည် လက်ရှိ CDF-Hakha အတွင်းရေးမှူး ဖြစ်သလို စစ်တပ်အာဏာသိမ်းခင်က CNLD လူငယ်ခေါင်းဆောင်လည်းဖြစ်သည်။ ၎င်းကွယ်လွန်မှုပေါ် ချင်းလူငယ်အသိုင်းဝိုင်းက စိတ်မကောင်း ဖြစ်ရကြောင်း ဆိုထားသည်။

 

“အရင် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းတွေမှာ အားတက်သရော့ ဦးဆောင်ပါဝင်သလို အခုနိုင်ငံရေးမှာ လည်း ရှေ့ကနေ ဦးဆောင်ပါဝင်တဲ့သူက အခုလို ရုတ်တရက်ကြီး ကွန်လွယ်သွားတော့ အရမ်း နှမြောတသဖြစ်မိပါတယ်။ သူက အဘက်ဘက်က အရည်ချင်း ပြည့်စုံတဲ့သူမို့ သူကွယ်လွန်သွားတာ ကျတော်တို့ ဆုံးရှုံးမှုတစ်ခုပါ”ဟု ဟားခါးလူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဆလိုင်းငွန်ဆန်းအောင်သည် စစ်တပ်အာဏာသိမ်းခင်က သတင်းသမားတစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ပြီး ဟားခါးမြို့အခြေ စိုက် The Chinland Post အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။

ပုံစာ-ကွယ်လွန်သူ ဆလိုင်းငွန်ဆန်းအောင်။