နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်

 

ရန်ကုန်တိုင်းအတွင်း ပြုလုပ်ခဲ့သည့် တစ်ဖက်သပ်ရွေးကောက်ပွဲ အပိုင်း (၃) တွင် ကြံ့ခိုင်ရေးပါတီ (USDP) ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ကြသော စစ်ကော်မရှင်ခန့် ဝန်ကြီးများ၊ ဝန်ကြီးဟောင်း သားသမီးများနှင့် လက်ဝေခံများက ကြိုတင်မဲများကို အသုံးချ၍ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၇ မြို့နယ်၌ ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၃)တွင် တာမွေ၊ သာကေတ၊ လမ်းမတော်နှင့် လှိုင်သာယာမြို့နယ်များ၌ စစ်ကော်မရှင် ဝန်ကြီးများ ကိုယ် တိုင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင် (UEC) က ရလဒ်များကို တရားဝင် မထုတ်ပြန်သေးသော်လည်း နယ်မြေ အချက်အလက်များနှင့် ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၏ ပြောဆိုချက်အရ စစ်ကော်မရှင်ခန့် ဝန်ကြီးများဖြစ်ကြသည့် သမ္မတရုံးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ တိုင်းလူမှုရေးရာ ဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့ အနိုင်ရရှိကြောင်း သိရသည်။

 

တာမွေမြို့နယ်တွင် စစ်ကော်မရှင်ခန့် သမ္မတရုံးဝန်ကြီး ဦးထွန်းအုံ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုးတို့က ကြိုတင်မဲများဖြင့် အပြတ်အသတ် သာလွန်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့အတူ သာကေတမြို့နယ်တွင် ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် လမ်းမတော်မြို့နယ်တွင် တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး (ခ) လမ်းမတော် မောင်ရိုးတို့ကလည်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကင်းမြို့နယ်၌ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်သည့် သမ္မတဟောင်း မန်းဝင်းမောင် ၏မြေး ဒေါက်တာအိခိုင်မွှေးနှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ရေချုပ်နှင့် ဝန်ကြီးဟောင်း ဦးစိုးသိန်း၏သားဖြစ်သူ စစ်ကော်မရှင်လက်ဝေခံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအေးချမ်းတို့သည်လည်း ပြိုင်ဘက်များကို ကြိုတင်မဲများဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွေးကောက်ပွဲတွင် လမ်းမတော်မြို့နယ်၌ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်သည့် ဘလော့ဂါ ဒေါ်နန်းဆုသဇင်အောင် (ခ) VV Chen တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း စစ်ကော်မရှင် ဝန်ကြီးများနှင့် အသိုင်းအဝိုင်းများ၏ ကြိုတင်မဲ အသာစီးရယူမှုကို မကျော်လွှားနိုင်ဘဲ ရှုံးနိမ့်ခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးသည်လည်း ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့သည်။

 

ယခုကျင်းပသည့် ရွေးကောက်ပွဲသည် စစ်ကော်မရှင်က ၎င်းတို့၏ လက်ဝေခံများနှင့် ဝန်ကြီးများကို တရားဝင်မှုပုံစံသွင်းရန်အတွက် ကြိုတင်မဲများကို စနစ်တကျ အသုံးချ၍ ဖန်တီးခဲ့သည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

 

ဓာတ်ပုံ-MOI