ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအနေဖြင့် လက်ရှိဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခများကို မလို လားကြောင်းနှင့် အေးချမ်းစွာနေထိုင်လိုကြောင်း ပြသသည့်အနေဖြင့် “၁၄ ရက်တာ အနေအထိုင်ဆင်ခြင်ရေး” လှုပ်ရှားမှုကို ယနေ့မှ ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ လုပ်ဆောင်နေကြကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုသည် ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုံဆော်မှုမျိုး မဟုတ်ဘဲ၊ မြန်မာနိုင်ငံသားများသည် စည်း ကမ်းရှိသည့် နိုင်ငံသားကောင်းများဖြစ်ကြောင်းနှင့် ပတ်ဝန်းကျင်ကို ဆူပူမှုမဖြစ်စေဘဲ အေးချမ်းစွာ နေလိုကြောင်း ပြသသည့် “ပြယုဂ်” တစ်ခုအဖြစ် လုပ်ဆောင်ကြရန် AAC ကိုရဲမင်းနှင့် Fncc Burma Fact Check Community တို့က တိုက်တွန်းထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံသားတွေဟာ အေးချမ်းစွာနေလိုတယ်။ ခိုလှုံခွင့်ပေးတဲ့ ထိုင်းနိုင်ငံကို ကျေးဇူးတင်သလို အခုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်တာကြောင့် တိတ်ဆိတ်ငြိမ်သက်လိုက်ကြတယ်။ အနေအထိုင် ဆင်ခြင်လိုက်ကြတယ်။ ဒါဟာ နိုင်ငံသားကောင်းတွေဖြစ်ကြောင်း ပြသတာပါ” ဟု Fncc Burma မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“၁၄ ရက်တာ အပြင်မထွက်ရေး” လှုံဆော်မှုတွင် အလုပ်သွားခြင်းကဲ့သို့သော မရှိမဖြစ် နေ့စဉ်လုပ်ငန်း ဆောင် တာများကို မဆိုလိုဘဲ အလုပ်ပြီးပါက အိမ်သို့ တန်းပြန်ရန်နှင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကာ ငြိမ်သက်စွာ နေထိုင်ကြရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြန်မာလုပ်သားအချို့နှင့် ထိုင်းနိုင်ငံသား များအကြား ခိုက်ရန်ဖြစ်ပွားမှုနောက်ပိုင်း ထိုင်းလူမျိုးများအကြား လူမျိုးရေးလှုပ်ရှားမှုများ ပြင်းထန် လာနေသောကြောင့် မြန်မာလုပ်သားများအနေဖြင့် ယခုကဲ့သို့ အနေအထိုင်ဆင်ခြင်ကာ အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းလာကြခြင်း ဖြစ်သည်။

သို့သော် ယခုလှုပ်ရှားမှုအပေါ် ဝေဖန်မှုအချို့ ရှိနေပြီး မြေပြင်ရှိ မြန်မာအလုပ်သမားအများစုကမူ မလိုအပ်ဘဲ ပြဿနာမဖြစ်စေရန်အတွက် ယခုအစီအစဉ်ကို သဘောကျကာ လိုက်လံပါဝင်လျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်