ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
ထိုင်းနိုင်ငံတွင် ထိုင်လူငယ်အများစုဦးဆောင်ပါဝင်သည့် People’s ပါတီ ယခင် Move Forward ပါတီမှာ ထိုင်းနိုင်ငံရှိဒေသအများစုတွင် လူထုအားပေးထောက်ခံမှုနှင့် စိတ်ဝင်စားမှုအများဆုံးရရှိနေကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။
လက်ရှိတွင် အသက် ၃၇ နှစ်အရွယ် People’s ပါတီခေါင်းဆောင် နတ်ထဖုန်းရူအန်ပညာဝုဒ်(Natthaphong Ruengpanyawut)မှာ ဝန်ကြီးချုပ်လောင်းလျာအဖြစ် ချင်းမိုင်၊ စမွန်ပရာကန်ကဲ့သို့ ဒေသများတွင် လူထုထောက်ခံမှုအများအပြား ရရှိလျက်ရှိကြောင်း သိရသည်။

ယခင်ပါတီခေါင်းဆောင်ဟောင်း ဖိထာမှလည်း ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ဘန်ကောက်မြို့ပေါ်ရှိ People’sပါတီလူထုဟောပြောပွဲတွင် ပြည်သူများအနေဖြင့် အစိုးရဖွဲ့စည်းနိုင်ရန်အတွက် People’s ပါတီကိုမဲပေးကြရန်လည်း တိုက်တွန်းခဲ့သည်။
ယခင်ဖြစ်စဉ်မျိုးမဖြစ်ပွားရန် People’sပါတီအနေဖြင့် လာမည့်ဖေဖော်ဝါရီ ၈ ရက်နေ့ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရန်လိုအပ်သည့်အတွက် ပထမဆုံးအကြိမ်မဲပေးမည့်သူများ၊ မည်သည့်ပါတီကို မဲထည့်ရမည်ကိုမဆုံးဖြတ်ရသေးသူများ၊ မဲမပေးပဲနေသည့် သူများအနေဖြင့် ပြည်သူ့ပါတီကို မဲပေးကြရန်လည်း ဖိထာလင်ဂျာရွတ်က တိုက်တွန်းခဲ့သည်။
ဘန်ကောက်မြို့တွင် ကျင်းပခဲ့ပြီး ယခင်ခေါင်းဆောင်ဟောင်းဖိထာ တက်ရောက်ခဲ့သည့် အဆိုပါလူထုတွေ့ဆုံပွဲတွင် လူငယ်အများစုမှစိတ်ပါဝင်စားစွာ လာရောက်နားထောင်အားပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ချင်းမိုင်မြို့မှဝင်ရောက်ယှဉ်ပြိုင်မည့် People’sပါတီမှ အမတ်လောင်း Nattaphol Tovichakchaikul မှာလည်း ကြည့်ကောင်းသည့်ရုပ်ရည်ကြောင့် လူထုစိတ်ဝင်စားမှုအများအပြားရရှိနေသည့်အပြင် ၎င်းသည် ထိုင်းဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဟောင်း Surapong Tovichakchaikul ၏ သားဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ လာမည့်ရွေးကောက်ပွဲအတွက် ပါတီအသီးသီးမှ နည်းလမ်းမျိုးစုံဖြင့် မဲဆွယ်နေကြပြီး ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏တူဖြစ်သူ ဦးဆောင်သည့်ဖွေထိုင်းပါတီမှ ၎င်းတို့အစိုးရဖြစ်ပါက တစ်နေ့လျှင် ဘတ်တစ်သန်းဆု ကိုးဆု မဲဖောက်ပေးသွားဖြစ်ကြောင်း ပြောဆိုကာ မဲဆွယ်ခဲ့သည်။
အလားတူ Thai Alternativeပါတီမှ ဝန်ကြီးချုပ်လောင်းတစ်ဦးဖြစ်သည့် Mongkolkit Suksintharanont က ၎င်းဝန်ကြီးချုပ်ဖြစ်ပါက အမျိုးသမီးတစ်ဦးလျှင် ယောကျာ်း လေး ဦးအထိယူခွင့်ပြုမည့် ဥပဒေကို ပြဌာန်းပေးမည်ဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိခဲ့သည်။
ကိုးကား – The Nation Thailand