ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများအတွင်း အကြောင်းမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၆၇၅ ဦးအနက် ၅၆၆ ဦးသည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ကမ္ဘောဒီးယားရှိ မြန်မာသံရုံးသို့ မိမိအစီအစဉ်ဖြင့် လာရောက် အကူအညီတောင်းခံသူများနှင့် ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေးအပ်သူများ ဖြစ်ပြီး ၎င်းတို့ကို ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်အတွင်း ရန်ကုန်၊ မန္တလေးနှင့် မြိတ်လေဆိပ်များသို့ လေကြောင်းခရီးစဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထား သည်။

လက်ရှိတွင် ကမ္ဘောဒီးယား၌ မြန်မာနိုင်ငံသား ၁၀၉ ဦး ကျန်ရှိနေသေးပြီး ၎င်းတို့ကိုလည်း အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံဒေသတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို နှိမ်နင်းမှုများ ပြုလုပ် နေစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ သီဟာနုဗေးလ်မှ လောင်းကစားလုပ်ငန်းအချို့သည် မြန်မာနိုင်ငံ နယ်စပ်ရှိ ရွှေကုက္ကိုလ်နှင့် KK Park ဒေသများသို့ ပြောင်းရွှေ့လာနေကြောင်း စစ်ကော်မရှင် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောကြားထားသည်။
စာရင်းဇယားများအရ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်း လောင်းကစားလုပ်ငန်းများမှ ဖမ်းဆီးရမိသည့် နိုင်ငံခြားသား ၁၄,၁၅၁ ဦးရှိကာ၊ ယင်းအနက် ၁၂,၁၇၆ ဦးကို ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကော်မရှင်