ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖမ်းဆီးထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၅၀၀ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်တွင် ထုတ် ပြန်သည်။
MNDAA သည် စစ်သုံ့ပန်း ၅၀၀ အပြင် ပြစ်မှုသေးငယ်သည့် အကျဉ်းသား ကိုး ဦးကိုပါ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပြီး အခြားသောအကျဉ်းသား ၄၉ ဦးကို ဥပဒေနှင့်အညီ ပြစ်ဒဏ်လျှော့ပေါ့ ပေးခဲ့သည်။ MNDAA က ထို့သို့ လုပ်ဆောင်ခြင်းမှာ တရုတ်နိုင်ငံ၏ ဖိအားကြောင့်ဖြစ်ပြီး လာမည့် ရက်ပိုင်းအတွင်း ကူမင်းမြို့၌ ဆွေးနွေးပွဲများ ဆက်လက်ရှိနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“တရုတ်က ဖိအားပေးနေတာရှိတယ်။ မြို့အချို့ကနေလည်း ပြန်ဆုတ်ပေးဖို့။ လာမယ့်ရက်ပိုင်းအတွင်း ကူမင်းမှာ ဆွေးနွေးပွဲရှိတယ်”ဟု ကိုးကန့်တပ်နှင့် နီးစပ်သူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်သား စစ်သုံ့ပန်း ၈၀ ကျော်ကို MNDAA က ပြန်လည်လွှတ်ပေးခဲ့သည်။ အဆိုပါ အခြေအနေသည် MNDAA အနေဖြင့် စစ်ရေးအရ အသာစီးရထားသော်လည်း နိုင်ငံရေးနှင့် သံတမန်ရေးအရ တရုတ်၏ တိုက်တွန်းမှုကို လျစ်လျူရှုရန် ခက်ခဲနေသည့် အခြေအနေကို ဖော်ပြနေသည်။

“နိုင်ငံရေးကိစ္စတွေမို့ ဒီအပေါ် မှတ်ချက်ပြုရမှာက NUGရဲ့တာဝန်ပါ။ စစ်သားစကားပြောရရင်တော့ ကိုယ့်ကို တိုက်မယ့် ရန်သူ ငါးရာ ထပ်တိုးလာပြန်ပြီ။ မဟာမိတ်ဆိုတာ ဓာတ်ပုံတွဲရိုက်ဖူးရုံ၊ ထမင်းအတူစားဖူးရုံနဲ့ တည်ဆောက်လို့မရဘူး။ လက်တွေ့ဆောင်ရွက်ချက်တွေကို ကြည့်ပြီးတော့မှသာ မဟာမိတ်ဖြစ်မဖြစ် တိုင်းတာလို့ရမယ်လို့ သိလာရတဲ့ နှစ်ကာလတွေ ဖြစ်ပါတယ်ဗျ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
MNDAA အပါအဝင် ညီနောင်မဟာ မိတ်သုံးဖွဲ့တို့၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကော်မရှင်တပ်မှ ဗိုလ်ချုပ်အချို့အပါအဝင် စစ်သုံ့ပန်းထောင်ချီကို ဖမ်းဆီးနိုင်ခဲ့သည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၄) လက်အောက်ခံတပ်ရင်း ခလရ (၂၇၇)က ဗိုလ်မှူး ကျော်ဇေယျ၊ စကခ(၁)က ဗိုလ်မှူး အောင်မြင့်ထူးအပါ အဝင် သုံးပန်း ၂၅၀ နီးပါးကိုလည်း ၂၀၂၅ အောက်တိုဘာ ၁၅ နှင့် နိုဝင်ဘာ ၁၅ ရက်တို့တွင် MNDAA က ပြန်လည်လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်က လောက်ကိုင်(ဒကစ)ကို တိုက်ခိုက်သိမ်းပိုက်စဥ်ကလည်း လက် နက်ချအညံ့ခံခဲ့သည့် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါ အဝင် ဗိုလ်မှူးချုပ် ခြောက် ဦး၊ အရာရှိ ၂၂၈ ဦး၊အခြား အဆင့် ၁,၈၉၅ ဦးကိုတို့ကိုလည်း ဖမ်းပြီး တစ်ပတ်ခန့်အကြာတွင် MNDAA က ပြန်လွှတ်ပေးခဲ့သည်။
ထို့အပြင် လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)သိမ်း တိုက်ပွဲတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့ကိုလည်း MNDAA က ဖမ်းဆီးရမိခဲ့ပြီး နောက် စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
MNDAA သည် ၁၀၂၇ စစ်ဆင်ရေးတွင် မဟာမိတ်တပ်များ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး တရုတ်အစိုးရ၏ ဖိအားကြောင့်ဟုဆိုကာ စစ်ကော်မရှင်တပ်နှင့် အပစ်ရပ်ခဲ့ပြီး လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီတွင် စစ်ကော်မရှင်ထံ ပြန်လွှဲပေးခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးခြင်းမှာ တရုတ်ကစီစဉ်ပေးထားသည့် စစ်ကော်မရှင်နှင့် MNDAA အကြား ဆွေးနွေးသဘောတူညီမှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ကြောင်း မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်က သုံးသပ်ပြောကြားသည်။
MNDAA က ထိုသို့ စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးခြင်းနှင့်ပတ်သက်ပြီး “အမှားမှသင်ခန်းစာယူ၍ လမ်းမှန်သို့ ပြန်လည်ရောက်ရှိပြီးလူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်ကာ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွ ပူးပေါင်းပါဝင်လာစေရန် လမ်းညွှန် ပေးလိုက်ခြင်းဖြစ်သည်”ဟု ဆိုသည်။
ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်းများ (ပုံဟောင်း)