နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ယနေ့ပြုလုပ်နေသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၃) ကို ပြည်သူများ စိတ်ဝင်စားမှုမရှိဘဲ မဲရုံများ၌ မဲပေးသူအလွန်နည်းပါးနေသဖြင့် အုပ်ချုပ်ရေးအဖွဲ့များက “ထောက်ခံစာမလုပ်ပေး” ဟုဆိုကာ အကျပ်ကိုင်ခြိမ်းခြောက်နေကြောင်း မြို့ခံများထံမှ သိရသည်။
တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက် ၂၀ ခုလုံးတွင် မဲရုံများဖွင့်လှစ်ထားသော်လည်း လာရောက်သူ မရှိသလောက် နည်းပါးနေသဖြင့် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက နေအိမ်များသို့ လိုက်လံဖိအားပေးခြင်းနှင့် မဲမပေးပါက ထောက်ခံစာများ လုပ်ဆောင်ပေးမည်မဟုတ်ဟု ခြိမ်း ခြောက် ပြောဆိုနေကြောင်း သိရသည်။
“ထောက်ခံစာကိစ္စနဲ့ အကျပ်ကိုင်နေတော့ ကြောက်လန့်ပြီး အသက်ကြီးပိုင်းတွေ သွားပေးနေရတာ များပါတယ်။ မဲရုံတွေမှာ လူကတော့ နည်းနည်းပဲရှိတယ်။ တန်းစီနေတာမျိုးတောင် မတွေ့ရဘူး” ဟု တာမွေမြို့နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အထူးသဖြင့် ကျားကွက်သစ်ရပ်ကွက်၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်နှင့် အရိုးကုန်းရပ်ကွက်တို့တွင် ပြည်သူများကို ဖိအားပေးမှုများ ပိုမိုလုပ်ဆောင်နေပြီး လက်နက်ကိုင်လုံခြုံရေးအဖွဲ့များကိုလည်း မဲရုံဝန်းကျင်နှင့် လက်ဖက်ရည်ဆိုင်၊ ဆိုက်ကားဂိတ်များတွင် ချထားကာ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။
“ကြောက်နေရလို့သာ မဖြစ်မနေ သွားနေကြတာပါ။ တွေ့မြင်ရသလောက် သူတို့ကို ထောက်ခံသူတွေနဲ့ ပါတီဝင်တွေကလွဲရင် ဘယ်သူမှ စိတ်မပါကြဘူး။ သက်ကြီးရွယ်အိုတွေဆိုရင် တော်တော်လေး ထိတ်လန့်နေကြတာ” ဟု မဲလာပေးသူများကို စောင့်ကြည့်ခဲ့သူ မြို့ခံပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်လက်အောက်ခံများက ရပ်ကွက်များအတွင်း ကားများဖြင့် လှည့်လည်ကာ အင်အားပြခြိမ်းခြောက်နေသလို၊ လော်စပီကာများဖြင့်လည်း မဲလာပေးရန် လိုက်လံနှိုးဆော်နေရသည်။
ထို့ပြင် မဲရုံဝန်းကျင်ရှိ ဈေးနှင့် လမ်းအချို့ကိုလည်း မဲမပေးခင် ယခင်ရက်များကတည်းက ကြိုတင်ပိတ်ဆို့ထားသဖြင့် ပြည်သူများ သွားလာရေး အခက်တွေ့နေကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ တာမွေမြို့နယ်အပါအဝင် မြို့နယ် ၁၇ ခုတွင် ယနေ့ ဇန်နဝါရီ ၂၅ ရက်၌ စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပိုင်း (၃) ကို ကျင်းပနေခြင်းဖြစ်ပြီး မြို့ခံပြည်သူအများစုမှာ ဆန္ဒမဲပေးလိုခြင်းမရှိသလို တိတ်ဆိတ်ခြင်းဖြင့် တုံ့ပြန်နေသည်ကို တွေ့ရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်