ဧရာဝတီတိုင်းမ်
(နတ်သံကွင်း)၊ ဇန်နဝါရီ ၂၅ ရက်

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့အတွင်း အထိုင်ချထားသည့် စစ်ကော်မရှင်ကာကင်း စခန်းတစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

အဆိုပါစခန်းမှာ အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကော်မရှင်စခန်းကြီးတစ်ခုဖြစ်ပြီး လက်နက် ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းဝန်းကျင်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့၀င်များ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း သိရသည်။

“ပဲနွယ်ကုန်း-ကျောက်ကြီးလမ်းပေါ်မှာရှိတဲ့ စစ်ကော်မရှင်ရှေ့ကင်းစခန်းပေါ့နော်။ အင်အား ၁၀၀ ကျော်ရှိပါတယ်။ တိုက်ခိုက်ပြီးတဲ့နောက်မှာ သူတို့အလုံးအရင်းနဲ့ပြေးတာတွေကို ကျွန်တော်တို့ ကင်း‌ထောက် ဒရုန်းကနေမြင်ရတယ်။ အထိအခိုက်လဲရှိတယ်လို့ယူဆရတယ်” သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ခံ တံခွန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပစ်ခတ်တိုက်ခိုက်မှုကို တပ်မဟာ-၃၊ KNLA တပ်ရင်း-၉၊ ပဲခူးခရိုင် အမှတ်-၂ P2-3702 တပ်ရင်း၊ သာယာဝတီ မြို့နယ် ဂဠုန်တပ်ဖွဲ့ တို့မှပူးပေါင်းကာ ROBIHHOOD Missile Team မှ ထုတ်လုပ်သည့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင်ပဲခူးရိုးမအရှေ့ခြမ်းဒေသများတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ပဲနွယ်ကုန်းမြို့အနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့