ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီ ၂၅ ရက်
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက မဲမပေးပါက နေအိမ်ရှိ လူငယ်များကို စစ်မှုထမ်းခေါ်မည်ဟု ခြိမ်းခြောက်၍ မဲထည့်ခိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“အုပ်ကြီးတွေက ရွာတွေမှာ မဲလာမပေးရင် အိမ်ကရှိတဲ့လူငယ်တွေ စစ်မှုထမ်းခေါ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်တယ်။ အဲတော့ ပြည်သူတွေက ကြောက်လန့်ပြီး ထည့်ကြတဲ့သူတွေရှိတယ်”ဟု အင်္ဂပူမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းစစ်ကော်မရှင်က ဧရာ၀တီတိုင်းတွင် ရွေးကောက်ပွဲအပိုင်း ၃ အဖြစ် အင်္ဂပူ၊ ဇလွန်၊ လေးမျက်နှာ၊ ရေကြည်၊ ငပုတော၊ ဓနုဖြူ၊ ညောင်တုန်း၊ မော်လမြိုင်ကျွန်းနှင့် ဒေးဒရဲစသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
“မဲပေးမှုကတော့ ဒီရွေးကောက်ပွဲက စစ်ခေါင်းဆောင်တွေအတွက် ထွက်ပေါက်ပေးတဲ့လုပ်ပွဲဆိုတာ သိတဲ့ပြည်သူတချို့တွေကတော့ မဲသွားမပေးကြဘူး။ အဲ့အထဲမှာ ယခင် NLD ပါတီကို ထောက်ခံသူအများစု ပါတာပေါ့။ တချို့ပြည်သူတွေကျတော့ မဲမပေးရင် ဖမ်းဆီးဒုက္ခပေးမှာကိုကြောက်ပြီး မဲသွားပေးကြတယ်”ဟု အင်္ဂပူဒေသခံက ပြောသည်။
ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း ၁ နှင့် အပိုင်း ၂ တို့တွင်လည်း စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ဒေသအနှံ့အပြားတွင် မဲပေးရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် မဲဆန္ဒရှင်အများအပြားမှာ မဲရုံ၌တွေ့သည့်ခလုတ်နှိပ်၍ မဲပေးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။