ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီ ၂၅ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုတချို့တွင် အုပ်ချုပ်ရေးမှူးများက မဲမထည့်ပါက နိုင်ငံခြားသို့ ထွက်ခွာခွင့်ပိတ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ဒေသခံအများအပြား မဲပေးခဲ့ကြကြောင်း သိရသည်။

“သူတို့ (အုပ်ချုပ်ရေးမှူး) ပြေတာက မဲလာမထည့်ရင် မထည့်တဲ့အိမ်ကို မှတ်ထားပြီး နိုင်ငံခြား ထွက်ခွင့်ပိတ်မယ်။ ခရီးသွားထောက်ခံစာလိုမျိုး ရပ်/ကျေး ထောက်ခံစာတွေ ထုတ်မပေးတော့ဘူးလို့ ပြောတယ်။ အဲတော့ကြောက်ပြီး မဲသွားပေးကြတာ အများကြီးပဲ”ဟု ရေကြည်မြို့ပေါ်ရပ်ကွက်တစ်ခုမှ ဒေသခံအမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရေကြည်မြို့နယ်တွင် လက်ရှိ စစ်ကော်မရှင်ခန့် ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီး လွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးမြင့်ကြိုင်က အမျိုးသားလွှတ်တော်နှင့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်တို့က ပြည်သူ့လွှတ်တော်တွင် အသီးသီးဝင်ရောက်ယှဥ်ပြိုင်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကော်မရှင်က ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင် ဧရာ၀တီတိုင်းရှိ ရေကြည်အပါအဝင် အင်္ဂပူ၊ ဇလွန်၊ လေးမျက်နှာ၊ ငပုတော၊ ဓနုဖြူ၊ ညောင်တုန်း၊ မော်လမြိုင်ကျွန်းနှင့် ဒေးဒရဲစသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီဝင်များနှင့် ယင်းပါတီထောက်ခံသူများ မဲပေးခဲ့ကြကြောင်း သိရသည်။

“အဓိကမဲသွားပေးကြတာတော့ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ သူတို့ပါတီကို ထောက်ခံတဲ့သူတွေပါပဲ။ ကျန်တဲ့ပြည်သူတွေထဲမှာတော့ သူတို့အငြှိုးထား ဒုက္ခပေးမှာကြောက်ပြီး မဲထည့်ကြတာများပါတယ်။ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး မဲမထည့်တဲ့သူတွေလည်း ရှိတယ်။ မဲစာရင်းထဲနာမည်မပါတဲ့အတွက် ဝိနည်းလွတ် မဲမထည့်ရဘဲ တိတ်တိတ်လေးကြိတ်ပျော်နေကြသူတွေလည်း ရှိတယ်”ဟု ရေကြည်မြို့နယ်အခြေအနေကို သိရှိထားသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရေကြည်မြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် AA ဦးဆောင်သော PDF မဟာမိတ် ပူးပေါင်းတပ်များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အတွက် ကျေးရွာအုပ်စု ၄ စုတွင် ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနိုင်ခြင်းမရှိကြောင်း၊ တိုက်ပွဲမရှိသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မဲရုံပေါင်း ၁၂၀ ခန့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ဓာတ်ပုံ- စစ်ကော်မရှင်ခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ဧရာဝတီတိုင်းရှိ မဲရုံများကို စစ်ဆေးနေစဉ်