ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ရက်
စစ်ကော်မရှင်က ကျင်းပနေသည့် တစ်ဖက်သတ် ရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲပေးသူ များပြားစေရန်အတွက် ပတ်စပို့ (Passport) ထုတ်ပေးခြင်းနှင့် နိုင်ငံခြားထွက်ခွာခွင့်တို့ကို ပိတ်ပင်မည် ဟုဆိုကာ ပြည်သူများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်း ရွေးကောက်ပွဲမတိုင်မီကတည်းက စစ်ကော်မရှင်နှင့် အုပ်ချုပ်ရေး အဖွဲ့များက ဧည့်စာရင်းစစ်ဆေးခြင်းကို အကြောင်းပြကာ နေအိမ်များသို့ လှည့်လည်၍ မဲပေးရန် ဖိအား ပေးခဲ့ကြသည်။
“မဲသွားမထည့်ရင် နိုင်ငံခြားထွက်ဖို့ အခက်အခဲရှိသွားနိုင်တယ်။ ပတ်စပို့ထုတ်မပေးဘူး၊ ဗီဇာရဖို့ ခက်သွားမယ်။ မှတ်ပုံတင်နဲ့ အကုန်တိုက်စစ်မှာမို့လို့ လေယာဉ်ကွင်းကနေ လှည့်ပြန်ရမယ်ဆိုပြီး အဲဒီ လိုတွေ ခြိမ်းခြောက်နေတာ” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

တာမွေမြို့နယ်သည် စီးပွားရေးလုပ်ငန်းရှင်များပြားသည့် မြို့နယ်ဖြစ်သဖြင့် လုပ်ငန်းရှင်များကိုလည်း ၎င်းတို့၏ ဝန်ထမ်းများအား သက်ဆိုင်ရာနယ်မြေများတွင် မဲသွားပေးရန် ဖိအားပေးခိုင်းစေထားသည်။
ထို့ပြင် ဈေးဆိုင်ခန်းပိုင်ရှင်များကိုလည်း မိသားစုလိုက် မဲပေးရန်နှင့် မဲမပေးပါက ဆိုင်ခန်းပိတ်သိမ်း ခံရမည့်အပြင် အခွန်ရုံးတွင် ပြဿနာရှိလာနိုင်သည်ဟုဆိုကာ အကျပ်ကိုင်နေကြောင်း သိရသည်။
“ရွေးကောက်ပွဲရက်မတိုင်ခင်ကတည်းက ဈေးနဲ့ ဆိုင်ခန်းတွေကို ပိတ်ခိုင်းထားတယ်။ ရပ်ကွက်ထဲ မှာလည်း လုံခြုံရေးအင်အားအပြည့်နဲ့ ကင်းလှည့်နေတာ။ မဲမပေးရင် စီးပွားရေးလုပ်လို့မရအောင် လုပ်မယ်ဆိုတဲ့ သဘောမျိုး ပြောတာ” ဟု မြို့ခံတစ်ဦးက ဆိုသည်။
ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင်ပြုလုပ်သည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပိုင်း (၃) ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၇ ခုတွင် ကျင်းပနေပြီး စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက် ပွဲ အောင်မြင်ကြောင်း ပြသနိုင်ရန်အတွက် မဲမပေးပါက ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ခရီးသွား လာခွင့်များကို ပိတ်ပင်မည်ဟု အဓမ္မဖိအားပေးနေခြင်း ဖြစ်သည်။
ပုံစာ-တာမွေမြို့နယ်ရှိ မဲရုံအချို့ကို တွေ့ရစဉ်။