‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၂၅ရက်
‎

ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် ရှေးဟောင်း ရွှေထည်ရတနာပစ္စည်းအချို့နှင့် ရခိုင်ဘုရင်များလက်ထက်က သုံးစွဲခဲ့သည့် ငွေဒင်္ဂါးပြား ၁၅၀ ခန့်ကို တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
‎

မြောက်ဦးမြို့တစ်နေရာ၌ ကလေးငယ်များ ဘောလုံးကစားနေစဉ် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့က ငွေဒင်္ဂါးအချို့ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုနေရာကို ဆက်လက်တူးဖော်ရာမှ ရတနာပစ္စည်းများ ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ကလေးတွေက ဘောလုံးကန်ရင်း ငွေဒင်္ဂါး စတွေ့တာကနေ ဆက်တူးတော့ ပစ္စည်းတွေ ဆက်တွေ့တာလို့ ပြောပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

 

တူးဖော်ရရှိသည့် ပစ္စည်းများထဲတွင် ၁ လက်မခန့်ရှိ ကျောက်စိမ်းတစ်တုံး၊ ရွှေပုရပိုက် တစ်ခု၊ ရွှေလက်စွပ် သုံး ကွင်း၊ ရွှေအပိုင်းအစအချို့နှင့် ရခိုင်ဘုရင်များဖြစ်သော စန္ဒသုဓမ္မရာဇာ (ရခိုင်သက္ကရာဇ် ၁၀၁၄-၁၀၃၆) နှင့် နရပတိကြီး (ရခိုင်သက္ကရာဇ် ၁၀၀၀) တို့၏ ဘွဲ့အမည်များပါရှိသော ငွေအစစ်ဒင်္ဂါး ၁၅၀ ခန့် ပါဝင်ကြောင်း Arakan Bay News (ABN) တွင် ဖော်ပြထားသည်။
‎

‎၁လက်မခန့်ရှိ ကျောက်စိမ်း၁တုံး၊ ရွှေပုရပိုက် ၁ခု၊ ရွှေလက်စွပ် ၃ကွင်း၊ ရွှေအပိုင်းအစအချို့နှင့် ရခိုင်ဘုရင်များဖြစ်သော စန္ဒသုဓမ္မရာဇာနှင့် နရပတိကြီး နာမည်များပါသော ရွှေဒင်္ဂါး ၁၅၀တို့ကို တူးဖော် ရရှိခဲ့ကြောင်း Arakan Bay News (ABN)က ဖော်ပြသည်။
‎

ထိုသို့ ရှေးဟောင်းရတနာများ တွေ့ရှိခဲ့သည့်နေရာကို အာရက္ခအစိုးရ (ULA/AA) ၏ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့ (DLEPS) က စနစ်တကျ စောင့်ကြပ်ထိန်းသိမ်း ထားရှိကြောင်း သိရသည်။

 

မြောက်ဦးမြို့တွင် မကြာသေးမီကလည်း ယတြာခေါင်းလောင်းတစ်ခုကို တွေ့ရှိခဲ့ပြီးနောက် မြေပြင်တွင် ရှိနေသည့် သမိုင်းအထောက်အထားများကို ဝိုင်းဝန်းရှာဖွေဖော်ထုတ်ကြရန် အာရက္ခတပ်တော် (AA) က တိုက်တွန်းနှိုးဆော်ထားသည်။

 

ဓာတ်ပုံ – Arakan Bay News (ABN) ပုံစာ – မြောက်ဦးတွင် တွေ့ရှိရသော ရှေးဟောင်းရတနာများနှင့် ငွေဒင်္ဂါးများ