‎‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၂၅ရက်

‎ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ရွေးကောက်ပွဲ အပိုင်း ၃ပြုလုပ်လျက်ရှိရာနေရာများတွင် နှစ်ဖက်တပ်ဖွဲ့များ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်နေကြ၍ မြို့ခံများအပြင်မထွက်ကြဘဲ မဲရုံများတိတ်ဆိတ်နေကြောင်း သိရသည်။

‎ဖားကန့်ရှိ ရပ်ကွက်ငါးရပ်ကွက်အနက် မရှီကထောင်ရပ်ကွက်မှလွဲ၍ ကျန်လေးခုကို စစ်ကော်မရှင်က ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ရက်မှစကာ ပိတ်ဆို့၍ မဲရုံများ ထောင်ထားကြားသိရသည်။

‎ယနေ့နံနက်ပိုင်းတွင် မဲရုံများအနီးကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး ဒေသခံအချို့ထိခိုက်ဒဏ်ရာရရှိပြီး ဆိုင်းတောင်ရပ်ကွက် ၃ဘက်တွင် စစ်ကော်မရှင်ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

‎”ဖားကန့်မြို့ထဲ လက်နက်ကြီး ကျတာတော့ စစ်တပ်က ဂိတ်​တွေ စပိတ်တဲ့ နေ့ကတည်းကပဲ။ အခုမနက်တော့ ဒဏ်ရာရသူတွေပါရှိလာတယ်။ မှော်စီဇာမှာနေပေမယ့် သန်းခေါင်စာရင်းကြောင့် မြို့ထဲမဲသွားထည့်ရမယ်။ စိတ်မဝင်စားဘူး။ သွားမထည့်ဘူး။ ပစ်ခတ်နေတော့ ပိုဆိုးတယ်လေ” ဟု ဖားကန့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎မြို့အဝင်အထွက် ပန်းတင်တံတား၊ ဆန်းကြွယ်လမ်း၊ မြို့မရပ်ကွက်နှင့် မရှီကထောင်ကြားရှိ သံဘောင်တံတား တို့ကို စစ်ကော်မရှင်က လုံခြုံရေးယူ ပိတ်ချလိုက်ပြီး မဲရုံများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

‎ကချင်ပြည်နယ်တွင် ဖားကန့်၊ မံစီ၊ ရွှေကူ၊ ဗန်းမော်မြို့နယ်တို့၌ ရွေးကောက်ပွဲအပိုင်း ၃ကို ပြုလုပ်နေပြီး မူလက အကန့်အသတ်မရှိ ရွေးကောက်ပွဲပြုလုပ်နိုင်မည်ဟု ယူဆထားသည့် ဖားကန့်တွင် မြို့ပေါ် ငါးရပ်ကွက်နှင့် ကျေးရွာအချို့တွင်သာ မဲရုံဖွင့်နိုင်သည်။

‎သို့သော်လည်း မဲရုံများအနီးကို KIAနှင့် စစ်ကော်မရှင် အပြန်အလှန်ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲကာ ဒဏ်ရာရရှိသူများ ရှိသဖြင့် မဲရုံများ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း သိရသည်။

‎ဖားကန့်ရှိ စစ်ကော်မရှင်နှင့် KIA မျှတူ နေရာယူထားသည့် လုံခင်း၊ ဟောင်းပါး၊ မှောစီဇာ၊ နန့်မဖြစ်တို့တွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်း မရှိပေ။