ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် မဲပေးရန်အတွက်အိမ်တိုင်ရာရောက်ခေါ်ယူမှုများရှိကြောင်း သတင်းရရှိသည်။
ယနေ့ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲနောက်ဆုံးအပိုင်း၌ ဧရာဝတီတိုင်းတွင် ဓနုဖြူအပါအဝင် မြို့နယ် ကိုးမြို့နယ်ပါဝင်ကြောင်းသိရသည်။
ဓနုဖြူမြို့တွင်မဲပေးသူနည်းသော်လည်း တချို့မဲရုံများတွင်လူအများအပြားစည်ကားပြီး မဲပေးတာတွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
”စစ်တပ်ကကြီးစိုးတယ်။ စရဖတွေကလည်းကြီးစိုးနေလို့သိပ်မလှုပ်ရဲကြဘူး။ မပေးတဲ့သူများတယ်။ ဒါပေမယ့် အကျော်ထီကွေ့မဲရုံမှာ ကျိတ်ကျိတ်တိုးပဲ မဲပေးနေတာ၊ မြို့ပေါ်မှာက ပါးပါးပဲ။ မဲပေးခဲ့သူတော်တော်များများ ပြည်သူ့ပါတီကိုပေးတယ်လို့ဆိုတယ် “ဟု ၎င်းက ဆက်လက်ပြောပြသည်။
လက်ရှိမဲပေးရသူအများစုသည် စိုးရိမ်မှုဖြင့်ကြောက်ရွံ့ကာမဲပေးရသူများဖြစ်၍ မဲရုံထဲရောက်သွားချိန်တွင် စိတ်နှင့် ဦးနှောက်ခံစားမှုကင်းမဲ့သွားပြီး မဲရုံတာဝန်ရှိသူများစေခိုင်းသည့်အတိုင်း စက်ရုပ်ကဲ့သို့လှုပ်ရှားကာမဲပေးလိုက်ရကြောင်း ဓနုဖြူဒေသခံတစ်ဦးက ပြောကြားသည်။
”တောင်သူလယ်သမားပါတီကိုပဲထည့်လိုက်တယ်။ ကိုယ့်ဦးနှောက်ကဗလာပဲ။ သူတို့ပြောတာပဲလိုက်လုပ်လိုက်တယ်။ မဲရုံသွားတယ်။ အထဲမှာ မဲဆန္ဒနယ် သုံးခုအတွက် လက်မှတ်ထိုးရတယ်။ တိုင်းရင်းသားတခုအတွက်လက်မှတ်ထိုးရတယ်။ သူတို့ပေးထားတဲ့စာရွက်ယူသွားရတာ ပြီးရင်မဲပုံးတွေနားရောက်သွားတယ်။ မဲပုံးတွေရှေ့ဘက်မှာ အစောင့် အမျိုးသမီးတစ်ရှိတယ်။ သူကခလုတ်နှိပ်ပေးတယ်။ စိမ်းရင် ကိုယ့်ဘက်က နှိပ်ရတယ်။ အဲဒါပဲ ” ဟု မဲပေးခဲ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် မဲပေးရက်မတိုင်ခင်ကတည်းက ရပ်ကွက်အတွင်း မဲပေးရန်လိုက်လံနှိုးဆော်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။