ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

 

ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ကျင်းပနေသည့် စစ်ကော်မရှင် ရွေး ကောက်ပွဲတွင် မဲပေးသူများကို မဲရုံသို့ ပို့ဆောင်ရန်အတွက် သုံးဘီးဘေးတွဲဆိုင်ကယ်သမားများကို ချောဆွဲခိုင်းစေနေကြောင်း ဒေသခံများထံမှ သိရသည်။

 

လှိုင်သာယာမြို့နယ်အတွင်းရှိ လမ်းထိပ်များတွင် အလံစိုက်ထူးထားပြီး အင်္ကျီဖြူ၊ ပုဆိုးဖြင့် သပ်ရပ်စွာ ဝတ်ဆင်ထားသည့် သုံးဘီးဘေးတွဲဆိုင်ကယ်များကို ချထားပေးကာ မဲပေးသူများကို မဲရုံသို့ အခမဲ့ ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

 

အဆိုပါ သုံးဘီးသမားများမှာ စေတနာအလျောက် လုပ်ဆောင်ပေးနေခြင်း မဟုတ်ဘဲ စစ်အုပ်စု၏ အတင်းအကျပ် ခိုင်းစေခြင်းကို ခံထားရသူများ ဖြစ်ကြောင်းသိရသည်။

“သုံးဘီးသမားတွေ ပြောတာတော့ သူတို့လည်း ပိုက်ဆံမရဘူး၊ ချောဆွဲခံရတာပါတဲ့။ သုံးဘီးတွေကို လမ်းထိပ်တွေမှာ ထားပေးထားတယ်။ မဲရုံကို အလကား လိုက်ပို့ပေးရတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်သည် စစ်ကော်မရှင်၏ အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုး ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် နယ်မြေဖြစ်ပြီး မြေပြင်တွင် မဲပေးသူ နည်းပါးလျက်ရှိသည်။

 

မဲရုံသို့ လာရောက်သူအချို့မှာလည်း နောက်ဆက်တွဲ ပြဿနာများကို စိုးရိမ်သဖြင့် လာရောက်ကြသူများသာ ဖြစ်ကြောင်း သိရသည်။

 

“မဲမပေးရင် ဘာဖြစ်မလဲဆိုပြီး စိတ်ပူနေကြရတာတော့ ရှိတာပေါ့။ ဒါပေမဲ့ မဲပေးတဲ့သူကတော့ နည်းပါတယ်။ မတတ်သာလို့ သွားပေးရတဲ့သူတွေပဲ များတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။

 

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၅ အုပ်စုတွင် မဲရုံစုစုပေါင်း ၁၀၃ ရုံဖွင့်လှစ် ပေးထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၉,၇၀၀ ယောက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ဆိုထားသည်။

 

စစ်ကော်မရှင်က ၎င်းတို့၏ အဖွဲ့ဝင်များဝင်ပြိုင်သည့် နယ်မြေများတွင် လူစည်ကားကြောင်း ပြသနိုင်ရန်အတွက် နည်းမျိုးစုံး အသုံးချကာ ဖိအားပေး မဲပေးစေခိုင်းမှုများကို ယခု နောက်ဆုံးအဖြစ် ကျန်ရှိနေသည့် ရွေးကောက်ပွဲ အပိုင်း(၃) တွင်လည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

 

ဓာတ်ပုံ-One News