ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီ ၂၅ ရက်
အာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်သည့် ရွေးကောက်ပွဲအပေါ် ယုံကြည်ခြင်းမရှိသည့်အတွက် ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်အောက်ပိုင်းမှ ကျေးရွာအများအပြားတွင် မဲလာပေးသူနည်းပါးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ငပုတောမြို့နယ်အောက်ပိုင်းရှိ ကြာကန်၊ ကျောက်တံခါး၊ မန်ကျီးပင်ကျေးရွာအုပ်စုများအပါအဝင် အနီးတဝိုက် ကျေးရွာများမှ ဒေသခံအများအပြားမှာ ရွေးကောက်ပွဲနေ့တွင် ရွာမပေါ်၌မနေဘဲ လယ်ကွင်းထဲရှိ လယ်တောအိမ်များတွင် သွားရောက်ရှောင်တိမ်းကာ မဲမပေးဘဲနေခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

“သူတို့ (စစ်တပ်) လုပ်တဲ့ရွေးကောက်ပွဲကို လုံးဝမယုံကြည်ဘူး။ မဲက ၂၀၂၀ တုန်းက ပေးခဲ့ပြီးပြီ။ အာဏာသိမ်းပြီး လုပ်ချင်သလို ပြန်လုပ်တဲ့ရွေးကောက်ပွဲမို့ မဲမပေးတာ။ ဒီနေ့ရွာမှာမနေဘဲ လယ်ထဲကတဲမှာ သွားရှောင်နေတာ။ ရွာပေါ်နေရင် မဲပေးနေရမှာစိုးလို့။ ကျွန်မလိုပဲ မဲမပေးချင်လို့ ကွင်းထဲ (လယ်တောအိမ်) လာနေကြသူတွေ အများကြီးပဲ”ဟု ကြာကန်ကျေးရွာမှ မဲဆန္ဒရှင်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခင်က NLD ပါတီကို ထောက်ခံသည့်ကျေးရွာများတွင် မဲပေးသူနည်းပါးခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီ အမာခံနယ်မြေဖြစ်သည့် ငပုတော အောက်ဘက်ပိုင်းရှိ သမ္မတဟောင်း ဦးသိန်းစိန်၏ဇာတိရွာဖြစ်သည့် ကျုံကူးရွာတွင်မူ မဲပေးသူ များပြားခဲ့ကြောင်း သိရသည်။
“ကျုံကူးမှာတော့ မဲလာပေးတဲ့သူများတယ်။ ရွာကကြံ့ခိုင်ရေးပါတီအမာခံလည်းဖြစ် သမ္မတဟောင်း ဦးသိန်းစိန်ဇာတိရွာဆိုတော့ မဲပေးကြတာ အံ့သြစရာတော့ မရှိပါဘူး။ အဲ့နားတဝိုက်ကတော့ ကျုံကူးကလွဲရင် ကျန်တဲ့ရွာတော်တော်များများ မဲမပေးကြဘူးလို့ သိထားတယ်။ ဒီနေ့ (ရွေးကောက်ပွဲနေ့) ကွင်းထဲ (လယ်တောအိမ်) သွားရှောင်နေပြီး မဲပေးဖို့အုပ်ကြီးတွေ လာခေါ်ရင် ဓားနဲ့ခုတ်လွှတ်မယ်လို့ ကြိမ်းထားတော့ လိုက်မခေါ်ရဲကြဘူး”ဟု ငပုတောမြို့ခံတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကော်မရှင်က ဧရာ၀တီတိုင်းတွင် ရွေးကောက်ပွဲအပိုင်း ၃ အဖြစ် ငပုတောမြို့နယ်အပါအဝင် အင်္ဂပူ၊ ဇလွန်၊ လေးမျက်နှာ၊ ရေကြည်၊ ဓနုဖြူ၊ ညောင်တုန်း၊ မော်လမြိုင်ကျွန်းနှင့် ဒေးဒရဲစသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။