ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

 

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့တွင်၊ စစ်ကော်မရှင်ကပြုလုပ်သည့် ရွေးကောက်ပွဲတွင် မဲပေးသူရာခိုင်နှုန်း နည်းပါးခဲ့ပြီး အစားသောက်များကျွေးရမည်ဟု ညွှန်ကြားထားသော်လည်း ကော်မရှင်များက မဧည့်ခံ မကျွေးမွေး၍ မဲထည့်သူအချို့ ဒေါသထွက်ခဲ့ကြကြောင်း ဒေသခံများထံက သိရသည်။

 

ယနေ့ ဇန်နဝါရီ ၂၅ ရက် စစ်ကော်မရှင်ကပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း သုံးတွင် ထူးကြီးမြို့ရှိ မဲပေးသူများကို အစားသောက်များ ဧည့်ခံ‌ကျွေးမွေးရန် ညွန်ကြားစာဖြင့် ညွှန်ကြားခဲ့ကြောင်း သိရသည်။

 

“မဲရုံကတော့ ခြောက်ကပ်ကပ်ပါပဲ၊ မဲပေးသူ လူမတိုးရ၊ တန်းမစီရဘူး။ ရောက်ရင် တန်းထည့် တန်းပြန်ပဲ။ လူလဲမရှိဘူး၊ မြို့နယ်က ညွှန်ကြားထားတယ်၊ မဲလာပေးသူတွေကို အစားအသောက်ကျွေးရ ပေးရမယ်ဆိုပြီး ခုတော့ ကော်မရှင်တွေက ဘာမှလဲ မကျွေးဘူး”ဟု မဲရုံနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်က မဲထည့်သူများအတွက် သုံးစွဲရန်ပေးထားသည့်ငွေကြေးများကိုလည်း မဲရုံကော်မရှင်ကသာ သိမ်းယူသွားကြောင်း ဒေသခံများကပြောဆိုသည်။

 

ကွင်းကောက်မြို့ကတော့ မဲရုံကို ဘယ်လူမှစိတ်မဝင်စားကြဘူး။ ပုံမှန်ဈေးရောင်းဈေးဝယ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်မပျက်ဘူး ။မဲရုံလည်း လူမရှိဘူး။အစိမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေပဲ ပေးကြတာ။ တက္ကသိုလ်ကျောင်းသားတွေကိုလည်း မဲပေးတဲ့အထောက်အထားပြမှ ကျောင်းပြန်တက်လို့ရမယ်ဆိုလို့သာထည့်ကြရတာ။ကျန်တဲ့ ပြည်သူတွေက အဖက်မလုပ်ဘူး။ မဲမထည့်လည်း စကစပဲ အစိုးရလုပ်မှာ သိနေလို့ တောဘက်ကလူတွေတောင် စိတ်မဝင်စားဘူး” ဟု ကွင်းကောက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဂ်ပူမြို့နယ်သည် ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်းတစ်ဦးဖြစ်သည့် ဦးသိန်းအောင်၏ အမာခံမြို့နယ်ဖြစ်သည့်အတွက် ကြံ့ခိုင်ရေးပါတီအမာခံများအားကောင်းသည့် မြို့နယ်လည်း ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီနိုင်ခဲ့ပြီး ၂၀၂၅ နှင့် ၂၀၂၀ တို့တွင် NLD ပါတီအနိုင်ရခဲ့သည်။ အဂ်ပူမြို့နယ်တွင် မဲဇလီကုန်းမြို့၊ထူးကြီးမြို့၊အဂ်ပူမြို့၊ကွင်းကောက်နှင့် ညောင်ကျိူးတို့ပါဝင်သည်။

 

စစ်ကော်မရှင်က နောက်ဆုံးပြုလုပ်သည့်အပိုင် (၃)ရွေးကောက်ပွဲတွင်လည်း ပြည်သူများကို အမျိုးမျိုးဖိအားပေး၊ ခြိမ်းခြောက်၍ မဲထည့်ခိုင်းသော်လည်း ပြည်သူအများစုမှာ စိတ်ဝင်စားမှုနည်းပါ၍ မဲထည့်သူ အလွန်နည်းပါးခဲ့သည်။

 

ဓာတ်ပုံ-အင်္ဂပူမြို့မှ မဲရုံတစ်ရုံကိုတွေ့ရစဉ်