ဧရာ၀တီတိုင်းမ်
(ဖြူး) ဇန်နဝါရီ ၂၅ ရက်

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ရှိ မဲရုံနှစ်ရုံအား ယနေ့ ဇန်နဝါရီ ၂၅ ရက်၊ နေ့လယ်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သဖြင့် မဲရုံတာဝန်ရှိသူများအားလုံး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်က ကျင်းပနေသည့် ရွေးကောက်ပွဲ၏ နောက်ဆုံးအပိုင်း အပိုင်း (၃) တွင် ဇေယျဝတီမြို့ရှိ မဲရုံနှစ်ရုံအား ဒရုန်းဗုံးများဖြင့် ကြဲချခဲ့ခြင်းဖြစ်ပြီး ဗုံးသံများကြောင့် မဲရုံအတွင်းရှိ ဆရာ၊ ဆရာမများနှင့် မဲရုံတာဝန်ရှိသူများမှာ မဲပုံးများကို ထားရစ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

“မဲရုံနှစ်ရုံလုံး ရှေ့ဆင့်နောက်ဆင့် ဗုံးကျလာတာ။ ဗုံးသံကြားတာနဲ့ ဆရာ၊ ဆရာမတွေရော၊ မဲရုံတာဝန် ရှိသူတွေပါ မဲ ပုံးတွေထားခဲ့ပြီး ထွက်ပြေးကုန်ကြတာ။ ဗုံးက မဲရုံဘေးနားတွေ ကျတာဆိုတော့ လူထိခိုက် တာတော့ မရှိဘူး။ အခုတော့ လုံခြုံရေးအင်အားအများကြီးနဲ့ ထွက်ပြေးသွားတဲ့သူတွေကို လိုက်ခေါ်ပြီး မဲရုံပြန်ဖွင့်ခိုင်းထားတယ်။ မဲပေးသူတွေကတော့ လုံးဝမလာရဲတော့ဘူး” ဟု မျက်မြင် တွေ့ရှိသူ သတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ယနေ့ကျင်းပသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင် တောင်ငူခရိုင်အတွင်းရှိ ဖြူးမြို့မဈေးရှေ့၊ ရဲစခန်းရှေ့၊ အမှတ် (၃) ကျောင်းရှေ့နှင့် အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ရှိ ရဲစခန်းနောက် ကျောတို့တွင် ဒရုန်းဗုံးများဖြင့် အသီးသီး ကြဲချတိုက်ခိုက်ခံခဲ့ရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ထန်းတပင်မြို့နယ်တွင် ကျင်းပခဲ့သည့် အပိုင်း (၂) ရွေးကောက် ပွဲအတွင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒရုန်းဗုံးဖြင့် ကြဲချတိုက်ခိုက်ခံရသဖြင့် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးကာ စစ်ကော်မရှင်အဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့သည်။

 

ယနေ့ ဖြူးမြို့နယ်အတွင်းရှိ မဲရုံများ တိုက်ခိုက်ခံရမှုကြောင့် မဲပေး သူများမှာ မဲရုံများသို့ လာရောက် ခြင်းမရှိတော့ကြောင်း သိရသည်။