နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စစ်‌ကော်မရှင်၏ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၃) အား လာရောက်မဲပေးသူ နည်းပါးသဖြင့် အုပ်ချုပ်ရေးအဖွဲ့များက ဝင်ပြိုင်သော ဝန်ကြီးဟောင်းသား မဲနိုင်အောင် ဖုန်းဆက်ခေါ်၍ ကြံ့ခိုင်ရေးပါတီကို အတင်းမဲထည့်ခိုင်းခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်က ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်သည့် ထိုတစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း(၃)၌ လှိုင်သာယာနှစ်မြို့နယ်ဖြစ်သော အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့ ပါဝင်ပြီး မဲလာပေးရန် နည်းမျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက်၍ ဖုန်းနံပတ်များ တောင်းယူထားကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

“ဖိအားက အစကတည်းက ဖုန်းနံပါတ်တွေတောင်းပြီး မဖြစ်မနေ မဲပေးဖို့ လိုက်ပြောထားသလို သူတို့ပိုင်တဲ့သူတွေဆို ကြံ့ဖွတ်ကို မဲပေးပါလို့ ပြောတယ်။ မပေးလို့မဖြစ်အောင် လုပ်ထားလို့ အဝေးရောက်နေတဲ့ သူတွေကိုပါ ပြန်ခေါ်ခိုင်းတယ်” ဟု လှိုင်သာယာ(အရှေ့ပိုင်း)မြို့နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ ရေချုပ်နှင့် ဝန်ကြီးဟောင်း ဦးစိုးသိန်း၏သား စစ်ကော်မရှင် လက်ကိုင်တုတ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအေးချမ်း ဝင်ပြိုင်ပြီး ရန်ကုန်တိုင်း၌ အနိုင်ရ၍ မဲအများဆုံး ရရှိစေရန် အုပ်ချုပ်ရေးမှူးများမှတဆင့် ဖိအားပေး စည်းရုံးထားကြောင်း သိရသည်။

ထို့အပြင် မဲလာပေးရန် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအော်ပြီး သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ကလည်း သာမန်နေအိမ်များဆိုလျှင် အိမ်ထိလာခေါ်၍ တိုက်ခန်းများကိုမူ ဖုန်းဆက်လာခိုင်းကာ ၎င်းတို့ အတင်းခြိမ်းခြောက် ခေါ်ယူထားသော သုံးဘီးဘေးတွဲ ဆိုင်ကယ်သမားများမှ အခမဲ့ အကြိုအပို့ လုပ်ပေးရကြောင်း မြို့ခံများထံက သိရသည်။

“ကယ်ရီသမားတွေကိုလည်း ရုံးမှာ ဖောင်တင်ခိုင်းပြီး မဲရုံမလာနိုင်သူတွေကို အလကား ကြိုပို့လုပ်ပေးရတယ်။ ဒါပေမယ့် မဲရုံတွေမှာ မဲလာပေးသူ နည်းတယ်။ လူကြီးပိုင်းနဲ့ အနည်းငယ်လောက်ပဲ ဖိအားပေး ခေါ်ယူလို့ မဲသွားပေးတာ တွေ့ရတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ စစ်ကော်မရှင်ခန့် အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုး ဝင်ပြိုင်သည့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင်လည်း ထိုကဲ့သို့ ဖိအားပေး ခြိမ်းခြောက်မှုများရှိကာ သုံးဘီးဘေးတွဲ ဆိုင်ကယ်သမားများအား အင်္ကျီဖြူ၊ ပုဆိုး သပ်ရပ်စွာ ဝတ်ဆင်ခိုင်းပြီး အခမဲ့ အကြိုအပို့ လုပ်ပေးရကြောင်း သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်