ဧရာဝတီတိုင်းမ်
(ဖြူး) ဇန်နဝါရီ ၂၅ ရက်

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေသည့် ပဲခူးတိုင်း၊ ဖြူးမြို့ပေါ်ရှိ အဓိကနေရာများကို ယနေ့ ဇန်နဝါရီ ၂၅ ရက်၊ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဗုံး များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများသည် ယနေ့ နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် အဝေးထိန်းဒရုန်းများကို အသုံး ပြု၍ ဖြူးမြို့ပေါ်ရှိ နေရာအချို့ကို ဒရုန်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဖြူးမြို့ ဈေးရှေ့တစ်လုံး၊ ရဲစခန်းရှေ့တစ်လုံး၊ အမှတ် (၃) ကျောင်းရှေ့တစ်လုံး စုစုပေါင်း သုံးလုံး ကြဲချခံရတာပါ။ အစောကြီး ဖြစ်တာဆိုတော့ လူသွားလူလာ နည်းသေးလို့ လူထိခိုက်မှုတော့ မရှိပါဘူး။ ဒါပေမဲ့ မဲရုံတွေကတော့ ညနေအထိ ဇွတ်အတင်း ဆက်ဖွင့်ထားဦးမယ့် ပုံပဲ” ဟု ပါတီကိုယ်စား လှယ်လောင်း တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ရွေးကောက်ပွဲကျင်းပနေသည့် အုတ်တွင်းမြို့နယ်တွင်လည်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးခြင်း၊ တောင်ငူလေတပ်စခန်းဌာနချုပ်မှ ကင်းထောက်လေယာဉ်များ အချိန်ပြည့် ဝဲပျံကင်းလှည့်ခြင်းများ လုပ်ဆောင်နေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများ ထံမှ သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲ အပိုင်း (၃) ကို ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၈ ခုတွင် ကျင်းပနေပြီး အဆိုပါ မြို့နယ်များတွင် ရွေးကောက်ပွဲ ဖြစ်မြောက်နိုင်ရန်အတွက် စစ်အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ ဝေဟင်မှ ကင်းလှည့်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။