
ညောင်တုန်းမြို့တွင် CDM ဝန်ထမ်းများအား စစ်ကောင်စီတပ် လိုက်လံရှာဖွေနေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ကာ ပြည်သူနဲ့အတူရပ်တည် ခဲ့တဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။
CDM ပြုလုပ်ထားတဲ့ ဘဏ်ဝန်ထမ်းတွေနေအိမ်နဲ့ MPT တက်သွယ်ရေးဝန်ထမ်းနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ပိုမိုရှာဖွေနေတာလို့ ဒေသခံတွေက ပြောပါတယ်။
” အဓိကအရှာများတာက ဘဏ်ဝန်ထမ်းအိမ်တွေနဲ့ MPT ဝန်ထမ်း အိမ်တွေမေးတာများတယ် တခြားဝန်ထမ်းတွေကိုလည်း ရှာတယ် အဲ့လောက်တော့မမေးဘူး ကျမတို့ကတော့ မသိဘူးလို့ ပဲပြောတယ် ဖမ်းမိတာမျိုးတော့မရှိသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက CDM မှာပါဝင်ထားတဲ့ ဝန်ထမ်းတွေကို မြို့ပေါ်မှာရော ကျေးလက်ဒေသတွေမှာပါ အင်အားသုံးရှာဖွေတာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက CDM ဝန်ထမ်းတွေကိုရှာဖွေတဲ့အခါ ရာအိမ်မှူးတွေနဲ့ သတင်းပေးတွေပါဝင်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။