ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ၏ ခိုက်ရန်ဖြစ်ပွားမှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးနောက် ထိုင်းအာဏာပိုင်များက အထောက်အထားမဲ့ နေထိုင်သူများနှင့် ဥပဒေပြင်ပ အလုပ်လုပ်ကိုင်သူများကို စစ်ဆေးမှုများနှင့် စည်းကမ်းတင်းကျပ်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။
တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မဲဆောက်ဈေးအတွင်းသို့ ယနေ့ ဇန်နဝါရီ ၁၅ ရက်တွင် ထိုင်းအာဏာပိုင် အဖွဲ့စုံက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် ဈေးတစ်ခုလုံးနီးပါး ခေတ္တပိတ်သိမ်းခဲ့ရပြီး အထောက် အထားမဲ့ မြန်မာနိုင်ငံသားအချို့ ဖမ်းဆီးခံခဲ့ရသည်။
“မဲဆောက်ဈေးထဲမှာ တောမောင်း (လဝက) နဲ့ အဖွဲ့စုံ ဝင်စစ်တာ။ ကားနှစ်စီးနဲ့ အသုတ်လိုက် ဖမ်းသွားတယ်။ ဈေးထဲကဆိုင်တွေလည်း အကုန်ပိတ်လိုက်ရတယ်။ လူတွေလည်းအုတ်အော် သောင်းနင်း ဖြစ်ကုန်တာပေါ့” ဟု မဲဆောက်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်ကလည်း ချွန်ပူရီခရိုင်၊ ဘိုဝင်းမြို့ရှိ ဆံပင်ညှပ်ဆိုင်နှင့် တွဲဖွင့်ထားသည့် မြန်မာပွဲစားရုံးခန်းကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား လေး ဦး ဖမ်းဆီး ခံခဲ့ရသည်။ ထို့ပြင် နွန်ထပူရီမြို့တွင်လည်း နိုင်ငံခြားသား လုပ်ကိုင်ခွင့်မပြုသည့် ဆံပင်ညှပ်လုပ်ငန်း လုပ်ကိုင်နေသော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ဆံပင်ညှပ်ခြင်း၊ ဈေးဆိုင်အကူလုပ်ခြင်း၊ တက္ကစီမောင်းခြင်း၊ ဧည့်လမ်းညွှန်လုပ်ခြင်းနှင့် လမ်းဘေးဈေးရောင်းခြင်း အပါအဝင် အလုပ်အကိုင် အမျိုးအမည် ၂၀ ကျော်ကို နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိစေရန် ထိုင်းအစိုးရက ဥပဒေဖြင့် တားမြစ်ထားသည်။
လတ်တလောတွင် ထိုင်းလူမျိုးများအကြား မြန်မာများ၏ ရန်ပွဲဖြစ်စဉ်များအပေါ် ဝေဖန်မှု မြင့်တက် နေသည့်အတွက် ထိုင်းရောက် မြန်မာများအနေဖြင့် ဒေသန္တရဥပဒေများကို လိုက်နာရန်နှင့် အိမ်ရှင်ထိုင်းလူမျိုးများ၏ ဓလေ့ထုံးတမ်းများကို လေးစားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သတိပေးချက် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)