ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသဖြင့် တိုင်းနှင့် ပြည်နယ်အချို့တွင် မနက်ဖြန်မနက်ပိုင်း၌ နေရာကွက်ကျား မိုးရွာနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။
မနက်ဖြန် နံနက်ပိုင်းအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာခိုင်နှုန်း ၆၀ ရှိကြောင်း သိရသည်။

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်မူ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း မိုး/ဇလ ကဆိုထားသည်။
ထို့ပြင် လာမည့် ၂ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် ထပ်မံလျော့နည်းနိုင်ကြောင်း ခန့်မှန်းထားသည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၅ ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – မိုး/ဇလ