ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ရက်
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြန်လည်ပြင်းထန်လာပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်အရှိန်မြှင့်ကာ စစ်ကော်မရှင်၏ စစ်စခန်းများကို သိမ်းယူထားကြောင်း သိရသည်။
စစ်ကော်မရှင်၏ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း ထပရ-၉၃၃ အဝင် ခြေကုတ်စခန်းကို ယမန်နေ့ ဇန်နဝါရီ ၁၄ရက်နေ့တွင် KIAက ဝင်ရောက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စခန်းသိမ်းယူစဉ်တွင် စစ်ကော်မရှင်တပ်သား ၂၀ခန့် လက်နက်ချအညံ့ခံခဲ့ကြပြီး ထပရ ၉၃၃ကို KIA က ဦးတည်တိုက်ခိုက်နေကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။
”စစ်လက်နက်ပစ္စည်းတပ်က တပ်ခွဲဆိုပေမယ့် သူလည်း နည်းဗျူဟာမှူးအဆင့်ဦးစီးနေတာ။ အဲဒီ့တပ် လည်း ပြေးတာပဲ။ နည်းပညာဝင်းထဲက တပ်တွေလည်း ပြေးကြပြီပြောတယ်။ စစ်တပ်ဘက်က လေကြောင်းနဲ့ ဒရုန်းအဓိက တိုက်ပေးနေတဲ့ အခြေအနေရှိတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့်အတွက် စစ်ကော်မရှင်က ဗန်းမော်မြို့ကို လေကြောင်းမှ ခြောက်ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်၏ ဗန်းမော်တိုက်ပွဲများကို စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ နှင့် တပ်မ (၈၈) မှ တပ်မမှူး နှစ်ဦး ဦးဆောင်နေသည့်အပြင် နည်းဗျူဟာမှူး ခြောက်ဦးပါ ဗန်းမော်တိုက်ပွဲအတွင်း ခုခံနေသော်လည်း KIA ၏ ထိုးစစ်ကြောင့် နည်းပညာကောလိပ်တွင်တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များ၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ-၆၄၁ တို့မှတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးကြကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။
စစ်ကော်မရှင်သည် စနခ ၆၄၁မှ စစ်လက်နက်များကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တိုက်ပွဲများ ပြင်းထန်စဉ်ကတည်းက စကခ ၂၁အတွင်းသို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်။
KIA သည် ခရစ္စမတ်ကာလ ထိုးစစ်အရှိန်မြှင့်စဉ်အတွင်း စစ်ကော်မရှင်တပ် ခလရ ၄၇ နှင့် စစန ၆၄၁ တို့မှ နည်းဗျူဟာမှူး၊ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ သေဆုံးသည်အထိ တိုက်ပွဲဖော်ဆောင်ခဲ့သည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)