နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
အာဏာသိမ်းပြီးနောက် တပ်အင်အား လိုအပ်ချက်ကြောင့် လူငယ်များကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းနေသော်လည်း “လူငယ်များကို နေရာပေးရန် အချိန်တန်ပြီ” ဟု ယာယီသမ္မတအမည်ခံ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်၌ ပြုလုပ်သော “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲတွင် စစ်ခေါင်းဆောင်က ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့၏ ဝါဒဖြန့်သတင်းစာ များအရ သိရသည်။
“သူက နေရာပေးမယ် ပြောနေပေမယ့် တစ်ဖက်မှာတော့ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်း နေတာ၊ စစ်မြေပြင်ကို ပို့နေတာတွေ ရှိနေတာပဲ။ စစ်အာဏာသိမ်းပြီး လူငယ်တွေရဲ့ အနာဂတ်၊ ပညာရေး နဲ့ အိပ်မက်တွေ အကုန်ရိုက်ချိုးခံထားရတဲ့အချိန်မှာ ဒီစကားက မြေပြင်လက်တွေ့နဲ့ လုံးဝကင်းကွာ နေတယ်” ဟု ရန်ကုန်မြို့နေ အသက် ၂၀ ကျော် လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်က ၎င်းတို့ ပြုလုပ်သည့် ရွေးကောက်ပွဲဝင် ပါတီများတွင် အသက်ကြီးသူများနေသဖြင့် လာမည့်နိုင်ငံရေး အခင်းအကျင်းတွင် လူငယ်များကို နေရာပေးရန် လိုအပ်ကြောင်းနှင့် လူငယ်များ အနေဖြင့် ဒေသပြောင်းရွှေ့ အလုပ်လုပ်ကိုင်ကြရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်။
“သူတို့ပေးချင်တဲ့ နေရာဆိုတာ တိုင်းပြည်ကို ဦးဆောင်မယ့် နေရာလား။ ဒါမှမဟုတ် စစ်မြေပြင်က ရှေ့တန်းနေရာလား။ ဒါမှမဟုတ် အကျဉ်းထောင်ထဲက နေရာလားဆိုတာ ပြန်မေးရမှာပဲ” ဟု ရန်ကုန်မြို့ခံ လူငယ်က ထောက်ပြပြောဆိုသည်။
စစ်ကော်မရှင်၏ ၂၀၂၄ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်အရေ အတွက်သည် နိုင်ငံ့လူဦးရေ၏ ၃၃ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ စစ်ကော်မရှင်၏ ဖမ်းဆီးသတ်ဖြတ်မှု၊ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းမှုနှင့် အာဏာသိမ်းမှုနောက်ဆက် တွဲ ပြည်ပထွက်ခွာမှုများကြောင့် ပြည်တွင်း၌ လူငယ်ဦးရေမှာ သိသိသာသာ နည်းပါးလျက်ရှိသည်။
“ဒါက တကယ်ကို ရယ်ချင်စရာပါ။ သူတောင်မှ သူ့နေရာမှာ အစားထိုးဖို့ လူမရှိဘူးဆိုပြီးတော့ ကာချုပ် နေရာကို အသက် ၇၀ ဝန်းကျင်ထိ ယူထားတာ” ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-မကွေး) ဥက္ကဋ္ဌ ကိုနေမွန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ယခုကျင်းပသည့် အာဏာသိမ်း စစ်ကော်မရှင်၏ လူငယ်ငြိမ်းချမ်းရေး ဖိုရမ်သည်လည်း အတုအယာင် ဟန်ပြသာ ဖြစ်သည်ဟု ကိုနေမွန်က ဆိုသည်။
လက်ရှိတွင် ခုခံတော်လှန်မှုများကြောင့် တပ်အင်အား ပြုန်းတီးနေသော စစ်ကော်မရှင်သည် အရွယ် ရောက်သူတိုင်း မဖြစ်မနေ တပ်ထဲဝင်ရမည့် စစ်မှုထမ်းဥပဒေကို အသုံးချကာ နိုင်ငံအနှံ့ရှိ လူငယ်များကို အဓမ္မ စုဆောင်းဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ-MOI