ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် နှင် မင်းတပ်မြို့နယ်ကို စစ်ကော်မရှင်တပ်မှ ရက်ဆက် လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဘုရားကျောင်းနှစ်ကျောင်းနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၄ ရက်၊ နံနက် တစ် နာရီဝန်းကျင်တွင် ဖလမ်းမြို့နယ်၊ လဲန်သဲရွာကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနှစ်ကျောင်းနှင့် လူနေအိမ်တချို့ ပျက်စီးခဲ့သည်။

“RC ဘုရားကျောင်းအနား တစ်လုံးကြဲတယ်။ Revival Bapitst ဘုရားကျောင်းအနား တစ်လုံးကြဲတယ်။ ရွာအပြင်မှာ တလုံးကြဲတယ်။ စုစုပေါင်း ဗုံးသီး သုံးလုံးကြဲတယ်။ ဘုရားကျောင်းနှစ်ကျောင်း ပျက်စီးသွားတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်”ဟု ဖလမ်းမြို့နယ်ဒေသခံတဦးက ဧရာဝတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ကျေးရွာဒေသခံများသည် စစ်ကော်မရှင်၏ စစ်ကြောင်းထိုးလာခြင်းနှင့် လေကြောင်းရန် အန္တရာယ်ကြောင့် ပြီးခဲ့သည့်လကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည့်အတွက် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

“တိုက်ပွဲဖြစ်တဲ့နေရာ ဖလမ်းမြို့နဲ့ ခုရွာက သိပ်မဝေးဘူး။ အရင်ကလည်း အနီးအနားမှာ ဗုံးကြဲတာရှိတယ်။ ပြီးတော့ ဝေဘူလမြို့ကနေ စစ်ကြောင်းတွေ ရောက်တာလည်းရှိတယ်။ အဲဒါကြောင့် ရွာသားတွေက ရွာထဲမနေကြဘူး။ ရွာစောင့်တဲ့လူတချို့လောက်ပဲရှိတယ်။ ဒီမနက်ဗုံးလာကြဲချိန်လည်း ရွာသားတွေ မရှိတော့ လူထိခိုက်မှု မရှိဘူး”ဟု ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အလားတူ ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်ကလည်း မင်းတပ်မြို့နယ်၊ ထင်းချောင်းရွာအနီးနှင့် မင်းတပ်-ကျောက်ထု ကားလမ်းတနေရာကို စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုလေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်မှု မရှိသော်လည်း ကားလမ်းပျက်စီးသွားကြောင်း သိရသည်။

ဓာတ်ပုံ-ပုံဟောင်း