‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၁၄ ရက်

‎‌ကျောက်ဖြူရှိ စစ်ကော်မရှင်စစ်ကြောင်းများ သစ်ပုတ်တောင် လမ်းကွဲတွင်တိုက်ခိုက်ခံရပြီးနောက် ရဲတပ်ရင်းဘက်မှ စစ်ကြောင်းများ ပြန်လည်တက်လာကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

‎ဒရုန်းများ၊ လက်နက်ကြီးများဖြင့် မင်းပြင်၊ သိုင်းချောင်းအနီးကို စစ်ကော်မရှင်က ယမန်နေ့ ဇန်နဝါရီ ၁၃ရက် ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဇန်နဝါရီ ၁၄ရက်တွင် အဆိုပါနေရာများ၌ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

‎”သစ်ပုတ်တောင်ဘက်ကို တပ်ပြန်ဆုတ်သွားပေမယ့် ရဲတပ်ရင်းဘက်က စစ်တပ် ထပ်တက်လာလို့ တိုက်ပွဲဖြစ်နေပါတယ်” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎သစ်ပုတ်တောင် ဓညဝတီရေတပ်ဌာနချုပ်မှထွက်လာသည့် စစ်ကြောင်းများမှာ ဦးကင်းကျေးရွာအနီးတွင် AA၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ဆုတ်သွားခဲ့ကြပြီးနောက် အမှတ် ၃၂ ရဲတပ်ရင်းမှ စစ်ကြောင်းများ ဆက်ထွက်လာကာ လက်နက်ကြီး၊ ဒရုန်းများဖြစ်ပါ ပစ်ကူပေးကြခြင်း ဖြစ်သည်။

‎အင်အား ၂၀၀ ခန့်ရှိ စစ်ကြောင်းမှာ AAတို့ပြန်လည်စိုးမိုးမှုယူနေသော သိုင်းချောင်းကို ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

‎ဓညဝတီရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်းတို့ကို တိုက်ခိုက် အသာစီးရယူရန် သိုင်းချောင်းသည် စစ်ရေးအရ အရေးပါသည့်နေရာဖြစ်ကြောင်း သိရသည်။

‎ရက်အနည်းငယ် တိုက်ပွဲငြိမ်သက်နေပြီးနောက် စစ်ကော်မရှင်က စစ်ကြောင်းထိုးလာသည့်အတွက် ကျောက်ဖြူတိုက်ပွဲပြန်လည် ပြင်းထန်လာပြီး စစ်တွေမှပါ စစ်ကူများ ပို့ထားရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎AAတပ်ဖွဲ့များမှာ ကျောက်ဖြူမြို့အနီး ကုလာဘာကျေးရွာအထိ ကပ်လာသည့်အတွက် စစ်ကော်မရှင်တပ်များ မူလနေရာယူထားရာနေရာများမှနေ၍ မြို့အနီးထိ ဆုတ်ခွာနေခြင်းဖြစ်သည်။