ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၁၄ရက်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီးတွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က စစ်သင်္ဘောများကို အင်အားဖြည့်တင်းကာ မြို့ပတ်လည်တွင် နေရာဖြန့်ခွဲ၍ လုံခြုံရေး ယူလာကြောင်း သိရသည်။

 

ကံ့ကော်ကျွန်းရှိ စစ်ကော်မရှင်၏ ကာကင်းစခန်းများ ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်တွင် AA ၏ တိုက်ခိုက်ခြင်း ခံရပြီးနောက် စစ်ကော်မရှင်သည် ရွှေမင်းဂံဇက်ဆိပ်နှင့် ပွိုင့်ကမ်းခြေ ရေတပ်စခန်း အနီးတို့တွင် စစ်သင်္ဘောများ ထပ်တိုးနေရာယူလာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မြို့နဲ့က ၅ မိုင်လောက်တော့ အလှမ်းကွာတယ်။ အမြင့်ကျွန်းဘက်က ပစ်တာတွေကတော့ ပုံမှန်ရှိနေတယ်။ အင်အားတိုးချတာလည်း မှန်ပါတယ်။ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ထဲကို အရာရှိပိုင်းတွေ ထပ်ရောက်နေတယ်လို့လည်း သိရပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA သည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ကစတင်၍ စစ်တွေမြို့အနီးရှိ အမြင့်ကျွန်း၊ ဝါဘိုနှင့် ကျားမသောက်ရှိ စစ်ကော်မရှင်တပ်စခန်းများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ ထိုသို့ တိုက်ပွဲများ ပြင်းထန်လာပြီးနောက် စစ်ကော်မရှင်၏ စစ်သင်္ဘောများသည် ပေါက်တောမြို့အနီး ကမ်းခြေများအထိ ကင်းပတ်လှုပ်ရှားမှုများ ပြုလုပ်လာကြောင်း သိရသည်။

 

လက်ရှိတွင် စစ်တွေမြို့ရှိ စစ်စခန်းများတွင် အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေသလို ကျောက်ဖြူမြို့နယ်ဘက်သို့လည်း စစ်တွေမှတစ်ဆင့် စစ်ကူအင်အားများ ပို့ဆောင်နေရကြောင်း သိရသည်။

 

ထို့အပြင် စစ်တပ်တပ်ရင်းများအတွင်း၌လည်း ရဟတ်ယာဉ်များ အသင့်အနေအထား ရောက်ရှိနေပြီး စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အခမ်းအနားအတွက်ဟုဆိုကာ မြို့တွင်း၌လည်း စစ်ယာဉ်တန်းများဖြင့် ကင်းလှည့်လုံခြုံရေးယူနေကြောင်း ဒေသခံများထံမှ သိရသည်။

 

ဓာတ်ပုံ-စစ်ကော်မရှင်
ပုံစာ-စစ်ကော်မရှင် စစ်ရေယာဉ်များ ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ဆောင်ရွက်နေသည်ကို တွေ့ရစဉ်။