ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်ရှိ စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့နှင့်ပေါင်း၍ ၎င်းနှင့် အဆင်မပြေသူများကို ပြည်သူ့စစ်မှုထမ်းရန် စစ်သင်တန်းကျောင်းများသို့ အဓမ္မ ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

မြန်အောင်မြို့နယ်၊ မကျီးကုန်းကျေးရွာရှိ စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စိုးသည် စစ်မှုထမ်းရန် လူရွေးချယ်ရာတွင် သတ်မှတ်ထားသည့် မဲနှိုက်စနစ်ကို အသုံးမပြုဘဲ ၎င်းအလိုကျ လူရွေးချယ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“မဲနှိုက်တာမျိုး မဟုတ်ဘဲ သူခေါ်ချင်တဲ့သူတွေကို တပ်ထဲဆွဲထည့်နေတာ။ အစတုန်းကတော့ ရွာထဲမှာ အရက်မူး ဆူပူသောင်းကျန်းတဲ့သူတွေကို ထည့်တယ်။ အခုတော့ ကောင်းကောင်းမွန်မွန် နေတဲ့သူတွေကိုလည်း သူနဲ့မတည့်ရင် ဒါမှမဟုတ် အဆင်မပြေရင် စစ်မှုထမ်းခိုင်းနေတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စိုးသည် ပြည်သူ့စစ်မှုထမ်းများအတွက် ထောက်ပံ့ရန်ဟု အကြောင်းပြကာ ဒေသခံများထံမှ ကောက်ခံထားသည့် ငွေကြေးများကိုလည်း ကိုယ်ကျိုးအတွက် သုံးစွဲနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“အုပ်ချုပ်ရေးမှူးက အရက်သမား၊ အမြဲမူးရူးနေတော့ သူ့မိန်းမက အုပ်ချုပ်ရေးမှူးလို ဖြစ်နေတာ။ အုပ်ကြီးက မိန်းမခိုင်းသမျှ အကုန်လုပ်နေတာ။ ခေါ်ချင်တဲ့သူကို ခေါ်ပြီး စစ်မှုထမ်းထဲ ထည့်နေတာ” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောကြားသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကော်မရှင်က ပြုလုပ်သည့် ရွေးကောက်ပွဲတွင်လည်း အသက်ပြည့်ပြီး လူငယ်များကို အတင်းအဓမ္မ မဲထည့်ခိုင်းခြင်း၊ မဲမထည့်ပါက ပြည်သူ့စစ်မှုထမ်းဆောင်ရမည်ဟု ခြိမ်းခြောက်ခြင်းများလည်း ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ ၂၆ မြို့နယ်စလုံးတွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့ စစ်မှုထမ်းများအတွက် ထောက်ပံ့ရန်နှင့် လူငှားရမ်းရန်ဟု အကြောင်းပြ၍ ငွေကြေးတောင်းယူမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်း သိရသည်။

ဓာတ်ပုံ- မကျီးကုန်းကျေးရွာ