ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

 

ထိုင်းနိုင်ငံ၊ နခွန်ရာ့ချာစီမာခရိုင် (ကိုရတ်) တွင် အမြန်ရထားလမ်းတံတား ဆောက်လုပ်ရေး၌ အသုံး ပြုသည့် ကရိန်း (Crane) တစ်ခု ပြိုကျရာမှ ခရီးသည်တင်ရထားနှင့် တိုက်မိသည့် မတော်တဆမှု၌ သေဆုံးသူအရေအတွက်မှာ ၂၂ ဦးအထိ ရှိလာကြောင်း နောက်ဆုံးရရှိသည့် သတင်းများအရ သိရသည်။

 

ယနေ့ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ မတော်တဆမှုတွင် ခရီးသည်တင် ရထားသည် လမ်းပေါ်သို့ ပြိုကျနေသည့် ကရိန်းကို အရှိန်ပြင်းစွာဖြင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ ထိုသို့ တိုက်မိပြီးနောက် ရထားတွဲအချို့ လမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ခရီးသည်အများအပြားမှာ ရထားတွဲပျက်များအတွင်း ပိတ်မိခဲ့ကြသည်။

 

အခင်းဖြစ်နေရာတွင် ကနဦး သေဆုံးသူ ၁၀ ဦးကို ရှာဖွေတွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူအရေအတွက်မှာ ၂၂ ဦးအထိ တိုးလာခဲ့ပြီး ဒဏ်ရာရရှိသူ ၄၀ ကျော်ရှိကြောင်း၊ ဒဏ်ရာ ရရှိသူများအနက် အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

 

ကယ်ဆယ်ရေးအဖွဲ့များသည် ရထားတွဲအတွင်း ညှပ်ပိတ်မိနေသူများကို စက်ကိရိယာများဖြင့် ဖြတ်တောက်ကယ်ထုတ်ခဲ့ရပြီး ဒဏ်ရာရရှိသူများကို စီခီယို (Sikhio)၊ စွန်းနန် (Sung Noen) နှင့် မဟာရက် နခွန်ရာ့ချာစီမာ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ထားသည်။

 

အဆိုပါကရိန်းသည် အမြန်ရထားလမ်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းများ လုပ်ဆောင်နေစဉ် ရထားမရောက်လာမီ မိနစ်ပိုင်းအလို၌ လမ်းပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုများအရ သိရသည်။ လက်ရှိတွင် အာဏာပိုင်များက အဆိုပါကရိန်း ပြိုကျခဲ့သည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

 

ကိုးကား – Khaosod English