ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ တပ်မဟာ(၅) ဒေသတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲပေါင်း ၁၁၁၃ ကြိမ်အထိဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ စစ်ဦးစီးအရာရှိ(တတိယတန်း-G3) တစ်ဦး၊ တပ်ရင်း မှူး တစ်ဦး၊ ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီး တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၂၈၄ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဗိုလ်မှူး နှစ် ဦး၊ ဗိုလ်ကြီး နှစ်ဦး၊ ဗိုလ်နှစ်ဦး အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၅၉ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ၁ နှစ်အတွင်း တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဘက် မှ ကျဆုံးခဲ့ရသည့် ရဲဘော်များလည်းရှိခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ၁ နှစ်တာအတွင်း ဒရုန်းဖြင့် ဗုံးကြဲခြင်း ၅၀ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခြင်း ၁၀၃ ကြိမ်၊ ၁၂၂-မမ၊ ၁၂၀-မမ၊ ၆၀ -မမ လက်နက်ကြီးတို့ဖြင့် အရပ်သားများထံ ပစ်ခတ်မှု ၆၉ ကြိမ် စသည့်လူ့အခွင့်အရေးချိုးဖောက်မှုများ အများအပြားလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အရပ်သား ရှစ် ဦး သေဆုံးပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်၊ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ လုပ်ငန်းခွင် နေရာ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KNU