ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ သီပေါနှင့် မိုင်းရယ်မြို့နယ်များသည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး အဓိကထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်ပြီး တစ်နိုင်ငံလုံး ဖမ်းဆီးရရှိမှု၏ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်း အထိ ထုတ်လုပ်နေကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

 

အဆိုပါ မြို့နယ်များအတွင်း ဘိန်းဖြူ (Heroin)၊ မက်သ်အဖက်တမင်း (Methamphetamine) နှင့် အိုက်စ် (Ice) ထုတ်လုပ်မှုများရှိနေပြီး တရုတ်စာတန်း Guan Yin Wang ပါရှိသည့် အိုက်စ်တန်ချိန် များစွာကိုလည်း တွေ့ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ကိရိယာများကို လေ့လာ ဆန်းစစ်ချက်အရ အဆိုပါနေရာများမှ အိုက်စ် ၂၇ တန် (သို့မဟုတ်) စိတ်ကြွဆေးပြား သန်း ၈၁၀ ထက် မနည်းသော ပမာဏကို ပုံမှန်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သီပေါမြို့နယ်၊ နားလင်းကျေးရွာ အနီးတစ်ဝိုက်တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ နှင့်အတူ မူးယစ်ဆေးဝါးချက်လုပ်သည့် အဆောက်အအုံများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ နေရာတွင် SSA တံဆိပ်ပါ ယူနီဖောင်းနှင့် အဆောင်အယောင်အချို့ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဇန်နဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ကာ အဆိုပါနယ်မြေအတွင်း စစ်ကော်မရှင်၏ ရှင်းလင်းမှု၊ ပစ်ခတ်မှုများနှင့် တရားမဝင်လုပ်ငန်းများသည် ၎င်းတို့အဖွဲ့အစည်းနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။

 

စစ်ကော်မရှင်ကမူ ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးလုပ်ငန်းတွင် ပါဝင်ပတ်သက်သူများကို ထိရောက်စွာ အရေးယူမည်ဟု ဆိုသည်။

 

ထို့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတွင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက် (အကျဉ်းထောင်အတွင်း သေဆုံးသည်အထိ) ပြစ်ဒဏ်ချမှတ် နိုင်မည့် ပြင်ဆင်ချက်ကိုလည်း ဇန်နဝါရီ ၁ ရက်နေ့တွင် စစ်ကော်မရှင်က အတည်ပြုခဲ့သည်။

 

ဓာတ်ပုံ – စစ်ကော်မရှင်