‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၁၄ရက်

‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာသို့သွားသည့် လမ်းကြောင်းနှစ်ခုလုံးတွင် စစ်ကော်မရှင်စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ပဇီရွာအနီးနှင့် ဂုတ်ကြီးကျေးရွာအနီးတို့တွင် စစ်ကြောင်းထိုးတက်လာသည့် စစ်ကော်မရှင်တပ်ကို အာရက္ခတပ်တော် (AA) က ‎ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မှစတင်၍ ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

‎တိုက်ပွဲဖြစ်ပွားရာကို အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) မှနေ၍ လက်နက်ကြီး ပစ်ကူများဆက်တိုက်ပေးနေကာ ခဲယမ်းကားများကိုပါ ဇင်ပြွန်းရွာဘက်မှ နတ်ရေကန်သို့ ပို့နေကြောင်း သိရသည်။


‎”ဒီလ ၄ ရက်နေ့က ခဲယမ်းကားတွေ အစောင့်အရှောက်နဲ့ နတ်ရေကန်ဘက်တက်တယ်။ သိရသလောက် လမ်းဟောင်းရော၊ လမ်းသစ်ရော တိုက်ပွဲပြန်ပြင်းထန်လာတယ်။ လေကြောင်းနဲ့ ဒရုန်းပစ်ခတ်မှုတွေ လည်းရှိနေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်တပ်များသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ရက်က အမ်း-ပဒါန်း လမ်းသစ် ဂုတ်ကြီးကျေးရွာရှိ ဂုတ်ကြီးစခန်းကို တနေ့တာ သိမ်းယူပြီးနောက် မှတ်တမ်းဓာတ်ပုံရိုက်ကာ ပြန်လည်ဆုတ်ခွာပေးခဲ့ရပြီး နတ်ရေကန်နှင့် ချိတ်ဆက်နိုင်ရန်အတွက် လမ်းသစ်၊ လမ်းဟောင်း နှစ်ခုလုံးမှနေ၍ စစ်ကြောင်းများ စေလွှတ် လာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎စစ်‌ကော်မရှင်သည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၇ လက်အောက်ခံတပ်များအပြင် မူလတပ် ဖြန့်ထားသည့် တပ်မ (၉၉) မှ တပ်ဖွဲ့ဝင်များနှင့် တပ်မ (၈၈) လက်အောက်ခံတပ်များကိုပါ နတ်ရေကန် လမ်းကြောင်းကို ပို့ဆောင်ထားပြီး တပ်ဖြန့်နေရာယူရန် ကြိုးပမ်းလာသည်။


‎သို့သော် လမ်းနှစ်ခုလုံးမှ ကြားဖြတ်တိုက်ခိုက်ခံနေရသည့် အတွက် အရေးပေါ်လိုအပ်သည့် သောက် ရေနှင့် ရိက္ခာခြောက်ကို လေကြောင်းမှပို့ဆောင်နေကြောင်း သိရသည်။