ညီညီမင်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ စက်တင်ဘာလ ၈ ရက်

ဧရာ၀တီတိုင်းရှိ မြို့နယ်အချို့က ပရဟိတမိဘမဲ့ကျောင်းတွေမှာရှိတဲ့ ကလေးတွေကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သြဂုတ်လနောက်ဆုံးပတ်ကစတင်ပြီး တပ်ထဲ ၀င်ဖို့ လိုက်လံ စည်းရုံးမှုတွေပြုလုပ်နေတယ်လို့ ပရဟိတမိဘမဲ့ဂေဟာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“စစ်သားစုဆောင်းရေးအဖွဲ့လို့ပြောတယ်။ ပထမတော့ ဆန်တွေဘာတွေလှူတယ်။ ပြီးတော့တိုင်းပြည်ကိုကာကွယ်ဖို့ တပ်ထဲ၀င်ကြဖို့ ကလေးတွေကိုပြောတယ်။ အသက်မပြည့်လဲရတယ်တဲ့။ ၀င်မယ်ဆို ၅ သိန်းပေးမယ်။ ပညာလဲဆက်သင်ရမယ်။ စားဖို့သောက်ဖို့လဲ ပူစရာမလိုဘူး။ တပ်ထဲမှာ ဆယ်တန်းအောင်သွားရင် ဗိုလ်ဖြစ်နိုင်တယ်ဆိုပြီး လာပြောသွားတယ်” လို့ မိဘမဲ့ဂေဟာအဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

လာရောက်စည်းရုံသူတွေဟာ ဧရာ၀တီတိုင်း အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက် စစ်သားစုဆောင်းရေးတပ်က တပ်ကြပ်တွေဖြစ်ပြီး ဒေသခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါ လိုက်ပါလာတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူအချို့က ဆိုပါတယ်။

“ဧရာ၀တီတိုင်းမှာ မိဘမဲ့ဂေဟာအများစုကတိုင်းရင်းသားဒေသက စစ်ကြောင့် မိဘတွေဆုံးပြီး ရောက်လာတာ များပါတယ်။ စစ်ကောင်စီသူတို့ အင်အားလိုအပ်ချက်ကို ဖြည့်ဖို့ခုလိုလိုက်လုပ်နေတာဖြစ်မယ်။ ၁၈ မပြည့်သေးတဲ့ကလေးတွေကို စစ်မှုထမ်းဖို့စည်းရုံးနေတာ အပြည်ပြည် ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးဥပဒေကို စစ်ကောင်စီက ချိုးဖောက်နေတာ” လို့ ပုသိမ်မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

ဧရာ၀တီတိုင်းအတွင်းက မြို့နယ် ၂၀ ကျော်မှာ အဝါရောင်မျိုးဆက်(YGW) မိဘမဲ့ပရဟိတ ဂေဟာတွေနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေတည် ထောင်ထားတဲ့ ပရဟိတ မိဘမဲ့ဂေဟာတွေအပြင် ခရစ်ယာန်သာသနာပြု မိဘမဲ့ဂေဟာအချို့လည်းရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။