ဓာတ်ပုံ – NUGအစိုးရယာယီသမ္မတ ဒူဝါလရှီးလ PDF တပ်ဖွဲ့ဝင်များကိုစစ်ဆေးနေစဥ်။(ပုံဟောင်း)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
စစ်တပ်လို့ခေါ်တဲ့ တစ်ချိန်က အင်အားကြီးမားတဲ့ မြန်မာစစ်တပ်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့် ကျင်တဲ့တပ်ဖွဲ့တွေက ဖြိုခွင်းနိုင်တယ်ဆိုတာ လေ့လာသူတွေ တစ်ဖြည်းဖြည်း သဘောပေါက်လာပါပြီ။ အာဏာ သိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုက စိတ်ပျက်စရာဖြစ်လာပြီး တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေအများစုကို လက်လွှတ်နေ ရပါပြီ။
သြဇာတိက္ကမကြီးမားတဲ့ Economist သတင်းစာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအ မှတ်ပြုဖို့ ထောက်ခံနေပါပြီ။ “NUG က အကူအညီနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ထိုက်တန်နေပါပြီ” လို့ အဲဒီ သတင်းစာက ဖော်ပြပါတယ်။
ဒါပေမယ့် NUG ကအမှန်တစ်ကယ် တိုင်းပြည်ကို အုပ်ချုပ်နိုင်ပြီလား? NUG ရဲ့ စွမ်းဆောင်ရည်တွေနဲ့ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေကို ကူညီနေတဲ့ ဒီမိုကရေစီမြှင့်တင်ရေး လုပ် ဆောင်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ International IDEA ရဲ့ လိုအပ်ချက်တွေကို ဆန်းစစ်ရတဲ့ အဖွဲ့တစ်ဖွဲ့ကို ကျွန်တော် ဦးဆောင်ခဲ့ပါတယ်။ ဒီဆောင်း ပါးမှာဖော်ပြထားတာ ကျွန်တော့်အမြင်တွေ မဟုတ်သလို International IDEA နဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။
ဆန်းစစ်အကဲဖြတ်မှုအတွက် ကျွန်တော်တို့ဟာ NUG ရဲ့ မဟာဗျူဟာမြောက် မှတ်တမ်းမှတ်ရာတွေကို လေ့လာခဲ့ရပြီး ဝန်ကြီးဌာနအများစုနဲ့ ထိတွေ့ဆက်ဆံကာ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပြောဆိုခဲ့ရပြီး ဒေသခံ အသိုင်းအဝိုင်းတွေရဲ့ဘဝကို လေ့လာခဲ့ရပါတယ်။ စည်းလုံးညီညွတ်မှုရှိပြီး ပြည်ပကနေ အကူအညီပိုရမယ်ဆိုရင် NUG က မြန်မာနိုင်ငံကိုအုပ်ချုပ်နိုင်မယ်လို့ ကျွန်တော် ဖြေကြားမှာဖြစ်ပါတယ်။
အစိုးရတစ်ရပ် အသိအမှတ်ပြုခံရဖို့ ဘာတွေလုပ်ဆောင်ရမလဲ? ကျွန်တော်တို့ ၁၉ ရာစုမှာ နေထိုင်ဆဲဆို ရင်တော့ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရဖို့က ပိုင်နက်နယ်မြေစိုးပိုင်မှု၊ လိုအပ်တဲ့ လူဦးရေနဲ့ လိုအပ်ရင် အင်အားသုံးပြီး အုပ်ချုပ်တာလို့ ဖြေကြားရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းမှာ ဖော်ပြထားတဲ့ အခြေခံ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအရ စွမ်းဆောင်ရည် တရားဝင်မှုဆိုတာ ပညာရေး၊ လျှပ်စစ်နဲ့ အခြေခံ ကျန်းမာရေးလိုမျိုး ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။
၂၁ ရာစု အစောပိုင်းမှာ အစိုးရတစ်ရပ်က ပြည်သူတွေကို အန္တရာယ်ဘေးမှ ကာကွယ်ပေးနိုင်ဖို့ လိုအပ်တဲ့ အခြေခံစည်းမျဉ်းတစ်ခုဖြစ်တဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဝတ္တရား (R2P) ကို နိုင်ငံတကာအသိုင်းအဝိုင်း က တည်ထောင်ခဲ့ပါတယ်။ သူတို့လုပ်ချင်တာကို လုပ်နိုင်တယ်လို့ အာဏာသိမ်းစစ်ကောင်စီကို ကာကွယ်ပေးသူ တွေက ပြောနေကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီမှာ ရွေးချယ်စရာနည်းလမ်း မရှိတော့ပါဘူး။
NUG ဟာ ယခုအခါ သိသာထင်ရှားသော ပိုင်နက်နယ်မြေတွေကို ထိန်းချုပ်ထားပြီး ပြည်သူအများစုရဲ့ ထောက်ခံမှုကို ရရှိကာ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ လုံခြုံရေးနဲ့ တရားစီရင်ရေး ဖော်ဆောင်နေပါပြီ။ NUG ဟာ မြန်မာ့ ဒီမိုကရေစီ ကြားကာလ အဖွဲ့အစည်းတွေအတွက် အစိုးရဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေး နဲ့ စစ်ဘက်ဆိုင်ရာဇာတ်ကောင်တွေကို ကိုယ်စားပြုပါတယ်။
ဒီအဖွဲ့အစည်းတွေထဲမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ တင်မြှောက်ခံခဲ့ရတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ NUG ရဲ့ ဦးတည်ချက်တွေနဲ့ မဟာဗျူဟာအားလုံးကို ဖော်ဆောင်တဲ့ မဟာမိတ်ကောင်စီတစ်မျိုးဖြစ်တဲ့ အမျိုးသား ညီ ညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့လည်း ပါဝင်ပါတယ်။
NUG ရဲ့ နယ်မြေထိန်းချုပ်မှုအကြောင်း ကျွန်တော်တို့ ပြောဆိုတဲ့အခါ စစ်တပ်ကို နယ်မြေပြင်ပကို မောင်း ထုတ်ယုံသာမကဘဲ ဒီနယ်မြေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှု၊ ထိန်းသိမ်းကြပ်မတ်မှုနဲ့ ဒေသခံပြည်သူတွေ ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆိုလိုပါတယ်။
မြန်မာနိုင်ငံက နယ်မြေများစွာကို အုပ်ချုပ်ဖို့အတွက် NUG ဟာ ယခုအခါ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးပါပြီ။ NUG ကို သစ္စာခံတဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအလယ်ပိုင်းမှာ အုပ် ချုပ်ပြီး မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေက ဆယ်စုနှစ်ချီနေပြီဖြစ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးယန္တယားနဲ့ နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားပါတယ်။
ဗဟိုနဲ့ နယ်စပ်ဒေသတွေကြား ညှိနှိုင်းဆောင်ရွက်မှုကိုတော့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှတစ်ဆင့် လုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ အနာဂတ် ဖက်ဒရယ်တည် ဆောက်ပုံ အခရာကျပုံကို ရှင်းပြချင်ပါတယ်။ ဗဟိုအဆင့်မှာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ NUG ပြည်ထဲရေး ဝန်ကြီးဌာနထံ တင်ပြမှုနဲ့ တာဝန်ခံမှုရှိပါတယ်။
အရင်းအမြစ်တွေကို ဗဟိုအဆင့်က စီမံခန့်ခွဲပြီး ထောက်ပံ့ပါတယ်။ ရာဇဝတ်မှုတွေ တားဆီးကာကွယ်ဖို့နဲ့ စုံစမ်းစစ်ဆေးဖို့ အဓိကဆောင်ရွက်မယ့် ရဲတပ်ဖွဲ့ကိုလည်း NUG က ဖွဲ့စည်းထားပါတယ်။ NUG တရားရေးဝန်ကြီး ဌာနရဲ့ လမ်းညွှန်မှုနဲ့ ဒေသန္တရ တရားရေးစနစ်တစ်ရပ်ကို ထူထောင်ထားပါတယ်။
NUG ရဲ့ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့မှ ခွဲထွက်တဲ့ ဒေသန္တရ လုံခြုံရေးနဲ့ကာကွယ်ရေးအဖွဲ့တွေက အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကနေ ဒေသခံအသိုင်းအဝိုင်းတွေကို ကာကွယ်ပေးရမှာဖြစ်ပါတယ်။
NUG က ထိန်းချုပ်ထားတဲ့ နယ်မြေတွေသာမက အခြားဒေသတွေအထိ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေ ပါပြီ။ NUG နဲ့ တိုင်းရင်းသားမဟာမိတ်တွေက အွန်လိုင်းပညာရေး၊ ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှု၊ လျှပ် စစ်နဲ့ အိုးအိမ်စွန့်ခွာရသူတွေအတွက် လူသားချင်းစာနာမှု အကူအညီလိုမျိုး ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးပါ တယ်။ ဝန်ဆောင်မှုဆောင်ရွက်ရာမှာ ဗဟိုအဆင့်ဖြစ်တဲ့ NUG ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက စီစဉ်ပြီး ညှိနှိုင်း ဆောင်ရွက်ပေးပါတယ်။
ဥပမာ NUG ပညာရေးဝန်ကြီးဌာနက ဖက်ဒရယ်ပညာရေးမူဝါဒကို NUCC နဲ့အတူ ရေးဆွဲခဲ့ပါတယ်။ ဒီမူဝါ ဒက NUG စီမံအုပ်ချုပ်တဲ့ကျောင်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ စီမံအုပ်ချုပ်တဲ့ စာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်ဖို့ လမ်းညွှန်ထားပါတယ်။ NUG ကျောင်းတွေက ဆရာ/ဆရာမတွေက ပညာရေးဝန်ကြီးဌာန ရဲ့ စီမံအုပ်ချုပ်မှုအောက်က NUG ကို သစ္စာခံတဲ့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။
The Diplomat မဂ္ဂဇင်းဝဘ်ဆိုဒ်မှာ မြန်မာ့အရေးကျွမ်း ကျင်သူ ဖိလစ်အန်နာဝစ် ရေးသားထားတဲ့ Is Myanmar’s National Unity Government ready to govern? ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါတယ်။
ဆောင်းပါးရှင် ဖိလစ်အန်နာဝစ်ဟာ ဒီမိုကရေစီ အုပ်ချုပ်မှုဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီအထိ မြန်မာအစိုးရနှင့် လွှတ်တော်ကို အကြံပေးခဲ့ပါတယ်။
((အပိုင်း – ၂ ကို ဆက်လက်ဖတ်ရှုရန်)
NUG က မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား (အပိုင်း ၂)