ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ရန်ကုန်တိုင်းအတွင်း ပြီးခဲ့သည့် နိုဝင်ဘာလတစ်လအတွင်း ပြည်သူ ၁၀၀ ကျော်ကို စစ်ကော်မရှင်က မတရားဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်က ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ ၁၁၄ ဦးကို မတရားဖမ်းဆီးပြီးနောက် ၄၃ ဦးကို စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ကာ ကျန်ရှိသူများကို စစ်သင်တန်းနှင့်အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက်မှ ၂၃ ဦးကို စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ပြီး ကိုးဦးကိုအတည်ပြုချက်ရယူနိုင်သော်လည်း ကျန် ၁၄ ဦး၏ နောက်ဆက် တွဲအခြေအနေများကို မသိရှိရကြောင်း Rangoon Scout Network RSN ထံမှ သိရသည်။

စစ်ကော်မရှင်က ဖမ်းဆီးရာတွင် သတင်းအတိအကျဖြင့် ၂၇ ဦးကို ရှာဖွေစောင့်ဆိုင်းဖမ်းဆီးခဲ့ပြီး ရမ်းသမ်းဖမ်းဆီးခံရသူ ၃၁ ဦးရှိကြောင်း သိရသည်။

လမ်းမပေါ် သွားလာလှုပ်ရှားနေစဉ် ဖမ်းဆီးခံရသူ ၂၀ ဦးနှင့် လမ်းဘေးတွင်ထိုင်နေစဉ် အကြောင်းမဲ့ဖမ်းဆီးခံရသူ ၁၁ ဦးရှိသည်ဟုဆိုသည်။

ရှောင်တခင်စစ်ဆေး၍ ဖမ်းဆီးခံရသ ၄၄ ဦး၊ ခရီး သွားလာစဉ်ဖမ်းဆီးခံရသူ ၁၀ ဦး၊ ဧည့် စာရင်းစစ်စဉ် ဖမ်းဆီးခံရသူ ၃၄ ဦးတို့ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် အလုပ်ရှိသည်ဟု လိမ်လည်ခေါ်ယူ၍ ဖမ်းဆီးခြင်း၊ ပြည့်တန်ဆာနှင့်မျှားပြီး ခေါ်ယူဖမ်းဆီးခြင်း၊ ဆန္ဒပြနေစဉ် အကြမ်းဖက်ဖမ်းဆီးခြင်းတို့ဖြင့် မတရားဖမ်းဆီးမှုများ စစ်ကော်မရှင်က ပြုလုပ်ခဲ့သည်။

ထူးခြားချက်မှာ ရန်ကုန်တိုင်းအတွင်း စစ်ရေးလှုပ်ရှားရာတွင် ပါဝင်ပတ်သက်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူများလည်းရှိပြီး အင်းစိန်ထောင်ရှေ့ တစ်ကိုယ်တော်ဆန္ဒပြသူတစ်ဦးကိုလည်း ရှိကြောင်း သိရသည်။

ယခုလအတွင်း ကျင်းပတော့မည့် အတုအယောင်ရွေးကောက်ပွဲကို အထိမခံသည့် စစ်ကော်မရှင်က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဖမ်းဆီးခဲ့သူ ၁၀ ဦးအထိရှိသည်။

မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးသည်ဟုဆိုကာ ပြည်သူ ခြောက်ဦးကိုဖမ်းဆီးခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများလည်းရှိသည်။

မူးယစ်ဆေးဝါးမှု၊ ညစ်ညမ်းစကားပြောမှု၊ လောင်းကစားမှု၊ ရဲအယောင်ဆောင်မှု၊ ပို့ကုန်ရငွေမအပ်မှုစသည့်ကိစ္စများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များကို ယခုအချက်အလက်များအတွင်း ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲ မတရားဖမ်းဆီးခံရသူများကိုသာ စာရင်းကောက်ယူထားခြင်းဖြစ်သည်ဟု RSN ကဆိုသည်။

မတရားဖမ်းဆီးခံရသူများ၏ သတင်းအချက် အလက်များကို ပေးပို့လာသည့်သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများမှ သိရှိရသည့်သတင်းများ၊ မီဒီယာများတွင် ဖော်ပြလာသည့်သတင်းများကိုသာ စာရင်းပြုစုတွက်ချက်ထားသည့်အတွက် လက်တွေ့မြေပြင်အခြေအနေတွင် ယခုဖော်ပြသည်ထက် အကြမ်းဖက်ဖမ်းဆီးမှုများမှာ ဆိုးရွားနိုင်ကြောင်း ခန့်မှန်းထားသည်။

ဓာတ်ပုံ-ရန်ကုန်တွင် စစ်ကော်မရှင်တပ် ညပိုင်းကင်းလှည့်နေစဉ် (ပုံဟောင်း)