ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

 

လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် စစ်ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲ အပိုင်းတစ်ကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသာ အင်တာနက်ဝန်ဆောင်မှုများက ဒီဇင်ဘာလကုန်မှသာပြန်လည်ကောင်းမွန်မည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့တွင် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ချိတ်ဆက်ထားသည့် UMO ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ်ဆက်ကြောင်းချို့ယွင်းသွား၍ ပြင်ဆင်နေရာ၌ ယခုလဒီဇင်ဘာကုန်တွင် အင်တာနက် ဝန်ဆောင်မှုမူလအခြေအနေကိုရောက်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

 

လက်ရှိချိန်တွင် ရန်ကုန်မြို့နေပြည်သူများအပါအဝင် မြို့ကြီးများတွင် အင်တာနက်လိုင်း wifi အသုံးပြုမှုနှင့် Mobile Data အသုံးပြုရာတွင် လိုင်းနှေးကွေးနေခြင်း၊ VPN ချိတ်ဆက်အသုံးပြု၍မရခြင်းတို့ ဖြစ်ပေါ်နေကြောင်းသိရသည်။

ထို့ပြင်အင်တာနက်ဝန်ဆောင်မှုပေးနေသည့်ကုမ္ပဏီများက သုံးစွဲသူပြည်သူများအပေါ်ခေါင်းပုံဖြတ်မှုများရှိနေကာ လိုင်းပြတ်သည့်နေ့ရက်များအတွက် အစာထိုးပြန်ပေးမည်ဆိုသော်လည်း တာဝန်ယူပေးခြင်းမရှိကြောင်း ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။

 

“ပြီးခဲ့တဲ့လ လိုင်းတွေပြတ်တောက်ကတည်းကနေ အခုထိ ကောင်းမလာသေးဘူး။ လိုင်းရပေမယ့် အရင်လောက် မကောင်းဘူး။ ညဘက်နဲ့ မနက်ပိုင်းတွေလောက်သာ လိုင်းသုံးရအဆင်ပြေတာ ၊ဒီကြားထဲVPNတွေလည်း ချိတ်မရပဲ တခုပြီးတခုပြောင်းသုံးနေရတယ် ။ သတင်းတွေတောင် ဝဘ်ဆိုဒ်ထဲဝင်ဖတ်လို့မရဘူး။ အွန်လိုင်းရှော့တွေအသေးလေးဆို တအားဒုက္ခရောက်တယ်၊ လိုင်းမကောင်းလို့ စာဝင်နောက်ကျတာ စာပြန်မရတာတွေနဲ့ ဝိုင်ဖိုင်ကုမ္ပဏီတွေကလည်းရက်အစားထိုးပေးမယ်ပြီး တကယ်တမ်းဘာမှတာဝန်မယူဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါပြုပြင်နေချိန်တွင် အင်တာနက် ဝန်ဆောင်မှုအဆင်ပြစွာ အသုံးပြုနိုင်ရန်အတွက် နယ်စပ်ဖြတ် ကျော်ဖိုင်ဘာဆက်ကြောင်းများ ထပ်မံတိုးမြှင့်ချိန်ဆက်အသုံးပြုထားသဖြင့် အင်တာနက်လိုင်း အသင့်အတင့်ရှိနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

စစ်ကော်မရှင်သည် တရုတ်နိုင်ငံ၏အင်တာနက်ပိတ်ပင်ရေးအတွက် စောင့်ကြည့်ထောက်လှမ်ရေးနှင့် ဆင်ဆာပိတ်ပင်ရေးမဟာရံစနစ် Geedge ဘက်စုံနည်းပညာသုံးပြီး အင်တာနက်ဒစ်ဂျစ်တယ်ဖိနှိပ်မှုများပြုလုပ်နေကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။