ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ဒီဇင်ဘာ ၅ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ နတ်တလင်းမြို့နယ်တွင် စစ်ကော်မရှင်က ပါရာမော်တာ (စက်တပ်လေထီး) များ အသုံးပြုကာ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်ကော်မရှင်သည် တိုက်ပွဲများဖြစ်ပွားနေသည့် နတ်တလင်းမြို့နယ်၊ ငုတ်တိုရွာနှင့် ကံစုရွာကို ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့ ပါရာမော်တာများဖြင့် ဗုံးသီး ၁၀ လုံးဝန်းကျင်ကြဲချတိုက်ခိုက်ခဲ့ရာ ကံစုရွာမှ ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ငုတ်တိုရွာနှင့်အနီးတစ်ဝိုက်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့မှ စတင်ကာ သုံး ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

“တိုက်ပွဲကတောက်လျှောက်ဖြစ်နေတာ။ နိုဝင်ဘာ ၃၀ ရက်နေ့ကစဖြစ်တာ အကြီးအကျယ် တိုက်ပွဲ ဖြစ်တာ။ ငုတ်တိုရွာနဲ့ပေါက်တောရွာကြား။ ငုတ်တိုရွာထဲမှာသူတို့(စစ်တပ်)က တချို့ရှိနေတယ်။ ပြည်သူတွေပိတ်မိနေတာရှိလို့ ကျွန်တော်တို့ကရှောင်ပေးထားတယ်” ဟု သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း ဒု-တပ်ရင်းမှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့တွင် ငုတ်တိုရွာသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး လေဖြတ်ထားကာ စိတ်ကျန်းမာရေးမကောင်သည့် အသက် ၄၆ နှစ်အရွယ် ဦးညီညီဆိုသူကို ပြောက်ကျားအင်္ကျီဝတ်ဆင်ထားသည့်အတွက်ဟု ဆိုကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် စစ်ကော်မရှင်သည် နတ်လင်းအရှေ့ဘက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများသို့လည်း ပြီးခဲ့သည့် ဒီဇင်ဘာ၁ ရက်နေ့နှင့် ၂ ရက်နေ့ နှစ်ရက်ဆက်တိုက် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်ရှိ စစ်ကော်မရှင်၏ ဒမငယ်ရဲစခန်းကို တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီးရာ စစ်ကော်ရှင်တပ်ဖွဲ့များ ထွက်ပြေး သွားခဲ့သည်။ ယင်းနောက် ဒီဇင်ဘာ ၃ ရက်နေ့တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံမီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့