
မုံရွာတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဉ်များ တိုက်ခိုက်ခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စက်တင်ဘာလ ၇ ရက် မနက်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဉ်များအား Monywa Peregrine PDFနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်သည်။
မနက် ၉ နာရီဝန်းကျင်တွင် လက်နက်အပြည့်စုံနှင့် စုန်ဆင်းလာသော စစ်သင်္ဘော ၁ စီးနှင့် ၁၀ နာရီဝန်းကျင်တွင် စုန်ဆင်းလာသော စစ်ကောင်စီမော်တော်ယာဉ်၂စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သတင်းရလို့ စောင့်ပီးတိုက်ခိုက်ခဲ့တာ၊ ပထမစစ်သင်္ဘောကတော့မှန်တွေကွဲသွားတယ်၊ ဒုတိယလာတဲ့ နှစ်စီးကို ကမ်းစပ်ကနေရှော့တိုက်ပြီးလှမ်းပစ်တာ တစ်စီးကတော်တော်ပျက်စီးသွားတယ်၊ ပါလာတဲ့သူတွေလဲထိသွားတာတွေ့ရတယ်၊ သူတို့ကမြစ်ကြောင်းအတိုင်းလာပီးဆို ဘေးကရွာတွေကို ရမ်းပီးပစ်သွားနေကြဘဲ” ဟု Monywa Peregrine PDF တာဝန်ရှိသူက
ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်သင်္ဘောများမှာ မန္တလေးဘက်သို့ဆက် လက်ထွက်ခွာသွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်ပျက်စီးမှုကို အတိအကျမသိရသေးဘဲ ပူးပေါင်းတပ်ဖွဲ့များက အထိခိုက်မရှိဆုတ်ခွာလာနိုင်ကြောင်းသိရသည်။
စက်တင်ဘာ ၆ ရက်နေ့တွင်လည်း ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသော စစ်ကောင်စီစက်လှေ၄ စီးအား မြောင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့များမှပူးပေါင်းတိုက်ခိုက်ရာ ၃ စီးထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
#AyeyarwaddyTimes