ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

 

မိခင်ဖြစ်သူနှင့် ရွေးကောက်တင် မြှောက်ခံရသည့် ခေါင်းဆောင်များဖမ်းဆီးခံရချိန်တွင် စစ်ကော်မရှင်ပြုလုပ်သော ရွေးကောက်ပွဲက ဒီမိုကရေစီမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း(ခ) Kim Aris က ပြောကြားသည်။

 

စစ်ကော်မရှင်၏ ‌အတုအယောင် ရွေးကောက်ပွဲမှာ အပိုင်း(၂) အထိ ကျင်းပထားပြီး အပိုင်း(၃) ကိုမူ လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းမည်ဖြစ်သည်။

စစ်ကော်မရှင်၏ အဆိုပါရွေးကောက်ပွဲအပိုင်းများသည် ရွေးကောက်ပွဲဟု ခေါ်ဆိုနိုင်မည်မဟုတ်ဘဲ တရားဝင်မှုရအောင် ဖန်တီးထားသည့် လုပ်ကြံမှုတစ်ခုပင်ဖြစ်ကြောင်း ကိုထိန်လင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မျှဝေထားသည်။

 

” မေမေဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တွေ ဖွက်ထား၊ ဖမ်းဆီးခံထားရရင် ဒီမိုကရေစီဆိုတာ ဘယ်လိုမှမရှိပါဘူး။ သူမကို လွှတ်ပေးပါ။ သူတို့အားလုံးကို လွှတ်ပေးပါ” ဟု ကိုထိန်လင်း က တောင်းဆိုထားသည်။

 

ထို့ပြင် ပြည်သူများ‌ရွေးချယ်တင်မြှောက်ထားသည့် ခေါင်းဆောင်များကို မတရားဖမ်းဆီးမှု၊ သတ် ဖြတ်မှုများရှိနေကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရန်အတွက် ရွေးကောက်ပွဲကျင်းပခြင်းဖြစ်ပြီး စစ်ကော်မရှင်နှင့်လက်တွဲမည့်ပါတီကို ဆန္ဒမဲပေးရန်လိုအပ်ကြောင်း တွေ့ဆုံပွဲများတွင် ပြောကြားလေ့ရှိသည်။

 

“ကျော်ကြားတဲ့ ဆိုရိုးစကားအတိုင်း ပြောရရင် မဲပေးတာထက် မဲကို ဘယ်သူရေတွက်လဲဆိုတာပဲ အရေးကြီးတယ် ဆိုသလိုပါပဲ” ဟု စစ်ကော်မရှင်၏ တစ်ဖက်သပ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကိုထိန်လင်းက ပြောကြားထားသည်။

 

လက်ရှိတွင် စစ်ခေါင်းဆောင်၏ ညွှန်ကြားချက်ကြောင့် စစ်တပ်ဗိုလ်ချုပ်များစွာ ပါဝင်ယှဉ်ပြိုင်နေသည့် ကြံ့ခိုင်ရေးပါတီက နေရာအများအပြားတွင် အနိုင်ရရှိနေကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်