နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

ရန်ကုန်တိုင်းတွင် စစ်ကော်မရှင်၏ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂) ၌ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲများ သာလွန်မှုဖြင့် မဲနိုင်ရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံက သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲဆွယ်စည်းရုံးရာနှင့် ကြိုတင်မဲများ ကောက်ယူရာတို့တွင် စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များမှ ကြံ့ခိုင်ရေးပါတီကို ကူညီပေးခြင်းဖြစ်သည်။

“ကြံ့ဖွတ်လာတယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့တွေက ဧည့်ခံကြိုဆိုတာတို့၊ မဲဆွယ်ဖို့ လူလိုက်ခေါ်ပေးတာတို့ ကူညီပေးတယ်။ လမ်းပိတ်ပြီး လုံခြုံရေး ယူပေးတာတွေ ရှိတယ်” ဟု ရွှေပြည်သာမြို့ရှိ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ဝင်ပြိုင်ကြသည့် တခြားနိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရန် ရပ်ကွက်အတွင်း လာရောက်ပါက ဝတ်ကျေတန်းကျေ ဆက်ဆံ၍ စောင့်ကြည့်မှုများ ရှိသကဲ့သို့ နီးစပ်သူများအား ကြံ့ခိုင်ရေးပါတီသာ မဲပေးရန် ပြောဆိုကြောင်း သိရသည်။

ယင်းဖြစ်ရပ်သည် ရွှေပြည်သာမြို့နယ်အပြင် မြောက်ဒဂုံ၊ တောင်ဥက္ကလာပ၊ လှည်းကူး စသည့် တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂) ၌ ပါဝင်သော မြို့နယ်အများစုတွင်လည်း ရှိကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများအပြင် မြို့ခံများထံက သိရသည်။

ထို့အပြင် ရွေးကောက်ပွဲ အပိုင်း (၂) မတိုင်ခင် ဇန်နဝါရီ ၁၀ ရက်ကလည်း မြောက်ဒဂုံမြို့၌ အုပ်ချုပ်ရေးအဖွဲ့နှင့် ကြိုတင်မဲများ ကောက်ယူရာတွင် ကြံ့ခိုင်ရေးပါတီသည် မဲပုံးပိုက်၍ ပြည်သူများအား ဖိအားပေး မဲထည့်ခိုင်း‌ ကြောင်း သိရသည်။

“သူတို့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေပဲ တိုက်ခန်းတွေပေါ် တက်ပြီးတော့ မဲထည့်ခိုင်းတယ်။ သိတဲ့အတိုင်း ပြည်သူက ကြောက်တော့ သူတို့ကိုပဲ ထည့်ကြတယ်။ ကျားဖြူပါတီက ပြောတော့မှ သူတို့မလုပ်တော့တာ” ဟု မြောက်ဒဂုံမြို့နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကြံ့ခိုင်ရေးပါတီသည် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် လက်ရှိစစ်ကော်မရှင် ထိပ်တန်းခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသော အင်အားကြီး ပါတီတစ်ခုဖြစ်ကာ ၎င်းတို့မဲဆွယ်စဉ် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များအား ဖိဟောက်ပြောဆို ခိုင်းစေကြောင်း သိရသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ပြီးခဲ့သော ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် အပိုင်း (၁) နှင့် ယခု အပိုင်း (၂) တို့တွင် ပြည်သူများ လက်မခံဆန့်ကျင်၍ မဲလာပေးမှု လွန်စွာနည်းပါးခဲ့ပြီး လွတ်လပ်မျှတမှုမရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းရှိ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂) ပြုလုပ်သော မြို့နယ် ၁၆ မြို့နယ်အနက် ကြည့်မြင်တိုင်မြို့မှလွဲ၍ ကျန်ရှိ ၁၅ မြို့နယ်ကို ကြံ့ခိုင်ရေးပါတီက အနိုင်ရထားပြီး မဲရုံမဲထက် ကြိုတင်မဲများ သာလွန်များကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်