ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘိုမြို့နယ်ရှိစားသောက်ဆိုင်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံသား ဒလီဘာရီသမားများနှင့် အဖွဲ့လိုက်ခိုက်ရန်ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသား ခြောက် ဦး ယနေ့ဇန်နဝါရီ ၁၃ ရက်နေ့တွင် ရဲစခန်းသို့သွားရောက်၍ အမှားဝန်ခံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများမှ ရဲစခန်းတွင်သွားရောက်တောင်းပန်ခဲ့ပြီးရဲစခန်းဘက်မှ စတင်ကျူးလွန်သူများကို ဒဏ်ငွေ ဘတ် ၁၀၀၀၀ ပေးဆောင်ရန်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့အလုပ်လုပ်ကိုင်နေသည့် စားသောက်ဆိုင်၏ တရားဝင်အထောက်အထားများ ပြည့်စုံမှုရှိ မရှိကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စားသောက်ဆိုင်ပိုင်ရှင်မှ အဆိုပါအလုပ်သမား ခြောက်ဦးကို အလုပ်ထုတ်ထားကြောင်းလည်း သိရသည်။
“ထိုင်းနိုင်ငံက ကိုယ့်နိုင်ငံမဟုတ်ဘူး ကိုယ်ကဧည့်သည် ဧည့်သည်က ဧည့်သည်လိုနေရမယ်။ သူ့နိုင်ငံသားတွေကို ကိုယ်တွေက ပြန်ချ ရန်စ ပြန်လုပ် အခုဖြစ်စဉ်လိုမျိုး ကိုယ့်ဘက်ကစပြီးတော့ မှားတယ်လို့သုံးသပ်ကြတယ်။ ထိုင်းနိုင်ငံမှာကိုယ်တွေက မှီခိုသူအဖြစ်နေရတာ ထိုင်းမှာအခက်အခဲဒုက္ခတွေနဲ့နေရတာဖြစ်တယ် ဒီလိုမျိုးအခြေအနေမှာ ထိုင်းတွေကိုပြန်ပြီး ပြသနာရှာတဲ့သူမဖြစ်အောင် ကိုယ်တွေကနေရမှာဖြစ်တယ်” ဟု အလုပ်သမားရေး ကူညီပေးနေသည့် အေအေစီကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုင်းနိုငံသား ဒလီဘာရီပို့ဆောင်သူ သုံးဦးကို မြန်မာနိုင်ငံသား ခြောက်ဦးမှ စတင်၍ ကိုယ်ထိလင်ရောက် ကျူးလွန်မှုဖြစ်စဉ်ကြောင့် ထိုင်းမျိုးချစ်အဖွဲ့ဝင်များနှင့် အစားအသောက် ပို့ဆောင်သူများကလည်း စုဝေးမှုများပြုလုပ်ကာ အမှုကို သေချာစစ်ဆေးရန် တောင်းဆိုခဲ့ကြကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့က ထိုင်းနိုင်ငံသား ဒလီဘာရီပို့ဆောင်သူ၏ ဆိုင်ကယ်နှင့် မြန်မာအလုပ်သမားမောင်းလာသည့် ကားတို့ တိုက်မိလုနီးပါးဖြစ်ပွားခဲ့ပြီး ကားမောင်းလာသူမှ မကျေနပ်ပါက စားသောက်ဆိုင်သို့လိုက်လာရန် ကြိမ်းမောင်းပြောဆိုခဲ့သည်။
ထို့နောက် စားသောက်ဆိုင်သို့လိုက်လာသည့် ဒလီသမား သုံး ဦးအား မြန်မာနိုင်ငံသား ခြောက် ဦးမှ ၎င်းတို့ဆိုင်ကယ်များကို ဖျက်ဆီးကာ စတင်ထိုးကြိတ်ရာမှ ခိုက်ရန်ဖြစ်ပွားမှုစတင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်