ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

စစ်ကော်မရှင်က အပိုင်းလိုက် ကျင်းပနေသည့် တစ်ဖက်သပ် ရွေးကောက်ပွဲများတွင် စစ်ခေါင်း ဆောင် ကိုယ်တိုင်ရွေးထုတ်ထားသည့် ထိပ်တန်းစစ်ဗိုလ်ချုပ်များသည် ကြိုတင်မှန်းဆထားသည့်အတိုင်းပင် အခြားကိုယ်စားလှယ်လောင်းများကို ဖြတ်ကျော်ကာ မဲရလဒ်အသာစီးဖြင့် အနိုင်ရရှိနေကြောင်း သိရသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏ လက်ရင်း စစ်ဘက်အရာရှိကြီးများကို ရာထူးတန်းလန်းဖြင့်ပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှတစ်ဆင့် ဝင်ရောက် ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် နေရာအသီးသီး၌ အဆိုပါ စစ်ဗိုလ်ချုပ်များက နေရာယူထားပြီဖြစ်သည်။

ကနဦးရရှိထားသည့် မဲရလဒ်များအရ ပြင်ဦးလွင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကိုကိုးကျွန်းမြို့နယ်မှ ဦးညိုစောတို့မှာ အနိုင်ရရှိရန် သေချာသလောက် ရှိနေသည်။

အလားတူ မန္တလေးတိုင်းအတွင်း ပြည်သူ့လွှတ်တော်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် ဒုဗိုလ်ချုပ်ကြီး တေဇကျော်နှင့် တိုင်းလွှတ်တော်အတွက် ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည်လည်း မဲအသာစီး ရယူထားနိုင်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် အရပ်ဘက်အသွင်းပြောင်း ဦးညိုစော၊ ဦးအောင်လင်းဒွေး၊ ဦးမြထွန်းဦး၊ ဦးတင်အောင်စန်းတို့ကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်များအပြင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ အမှတ် (၃ )စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ် ကြီး တေဇကျော်၊ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်ရေးချုပ် ဒုဗိုလ် ချုပ်ကြီး ဖုန်းမြတ်၊ စစ်ရာထူးခန့်ချုပ် ဒုဗိုလ်ချုပ်ကြီးလင်းအောင်၊ တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ် ချုပ် ဒုဗိုလ် ချုပ်ကြီး စိုးတင့်နိုင်တို့ကို ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခိုင်းခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲအပိုင်း (၂) ၏ ကနဦးရလဒ်များအရ မဲဆန္ဒနယ် ၁၀၀ အနက် ၇၆ နေရာတွင် ကြံခိုင်ရေးပါတီ USDP ပါတီက အနိုင်ရရှိထားကြောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ဦးမောင်မြင့်က ၎င်း၏ လူမှုကွန်ရက်တွင် ပြောဆိုထားသည်။

အလာတူ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလည်း ကြံ့ခိုင်ရေးပါတီသည် အပိုင်း (၁) တွင်ပင် လွှတ်တော်နှစ်ရပ်ပေါင်း ၁၁၀ နေရာ အနိုင်ရထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ထား၍ လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်၌ နေရာပေါင်း ၁၈၀ ထက်မနည်း ရရှိထားသည့် အခြေအနေ ဖြစ်သည်။