ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

 

မကွေးတိုင်း၊ ကံမမြို့နယ်တွင် မဲရုံများကို ဂျန်ဘာ (Jammer) ရေဒီယိုလှိုင်းနှောက်စက် တပ်ဆင် ထားသည့်ယာဉ်ဖြင့် လှည့်လည်စစ်ဆေးနေသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို လုံခြုံရေးယာဉ်တန်း ဖြင့် သွားလာနေစဉ်အတွင်း ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး အပါအဝင် နှစ် ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ကံမမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နှင့် လုံခြုံရေးအဖွဲ့ဝင်များ လိုက်ပါလာသည့် Double-Cab ကားနှစ်စီးကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်တွင် ပြည်-ကံမလမ်း၊ ပြောင်ကျ ကျေးရွာနှင့် ပယ်ကျကျေးရွာအကြားတွင် ကံမ ပကဖ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ တိုက်ခိုက်မှုအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ယာဉ်မောင်း သန့်ဇင်အောင်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ဒဏ်ရာရရှိသူများကို ပြည်မြို့ရှိ ရွှေတောင် ခုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဦးဇော်မင်းနိုင်နှင့် ယာဉ်မောင်း သန့်ဇင်အောင်တို့မှာ ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ ကြောင်း ကံမ ပကဖ က ဇန်နဝါရီ ၁၂ ရက်တွင် အတည်ပြု ထုတ်ပြန်သည်။

 

မိုင်းခွဲတိုက်ခိုက်မှုများမှ ကာကွယ်ရန် ယာဉ်တန်းတွင် ဂျန်ဘာ (Jammer) စက်များ တပ်ဆင် ထားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်ငယ်ဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း နေပြည်တော်မှ ထွက်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို နေပြည်တော်တိုင်းစစ်ဌာနက တိုက်ခိုက်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်ကျော်သူနှင့် ရဲမှူး ထွန်းလင်းအောင် အပါအဝင် ရှစ် ဦး သေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့သည်။

 

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးယူကာ လှည့်လည်နေသည့် ယာဉ်တန်းများ တိုက်ခိုက်ခံရမှုမှာ တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် ဖြစ်သည်။ တော်လှန်ရေးအင်အားစုများကမူ အဆိုပါ တရားမဝင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်သူ မည်သူ့ကို မဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေး ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ-ကံမ ပကဖ